
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို စစ်တပ်က ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲကျော်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို ချောင်းဦးမြို့နဲ့ မုံရွာမြို့သွား ကားလမ်းမဘေးမှာရှိတဲ့ စစ်ကောင်စီအထိုင် မြပုလဲဂိတ်ကနေ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ချောင်းဦးဒေသခံ အမျိုးသမီးတယောက်က “လက်နက်ကြီးက တလုံးတည်းပစ်တာ။ အဲဒါ ကျီကုန်းရွာထဲက ဈေးဆိုင်ပေါ် တည့်တည့်ကျတာ။ သားအမိ ၂ ယောက်ကတော့ ပွဲချင်းပြီးသေတာ၊ ၅ ယောက် ဒဏ်ရာပြင်းထန်ရတယ်။ အဲလို ဒဏ်ရာပြင်းထန်ရလို့ ဆေးရုံကိုသွားကြတယ်။ အခု ဆေးရုံမှာ ၂ ယောက် ထပ်သေဆုံးတယ် ကြားရတယ်”လို့ ပြောပါတယ်။
ကျီကုန်းရွာက ဒေသခံတွေကတော့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သေဆုံးသူတွေရဲ့ အလောင်းကို သယ်ယူပြီး ကျေးရွာအတွင်းကနေ ရှောင်တိမ်းနေကြရပါတယ်။
အသက် ၁၀ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ပြည်သူ ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူတယောက်ကပြောပါတယ်။
ဒဏ်ရာရ ၅ ဦးကတော့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကိုရင်တပါးရယ်၊ ယောကျ်ားလေး ၂ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လည်း ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို ဇူလိုင် ၂၁ ရက်က စစ်တပ်က အခုလို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။