
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်ကို ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါင် ၂၅၀ ဗုံးတလုံး မပေါက်ကွဲဘဲ ကျန်ရှိနေတယ်လို့ မိုးကုတ်မြို့နယ် ပကဖက သိရပါတယ်။
လူနေရပ်ကွက်အနီးမှာ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ပေါင် ၂၅၀ လေယာဥ်ဗုံးကို မိုးကုတ်မြို့နယ် ပကဖက လက်ရှိမှာ စနက်တံဖြုတ်ပြီး ထိန်းသိမ်းထားတယ်လို့ မိုးကုတ်မြို့နယ်ပကဖက တာဝန်ရှိသူတယောက်က ပြောပါတယ်။
“စနက်တံဖြုတ်ပြီး အသက်မဲ့နေတဲ့ဗုံးကို ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ တခြားမပေါက်ကွဲ သေးတဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေထားတဲ့နားမှာ ထိန်းသိမ်းထားပါတယ်။”
မိုးကုတ်မြို့တွင်း နေရာ ၅ ခု၊ ရပ်ကွက် ၃ ခုကို စစ်ကောင်စီတပ်က ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ယောက် သေဆုံးပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။