
ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နန်းမယ်ခုံမြို့နယ်နား ရောက်လာတဲ့အတွက် ဒေသခံသောင်းနဲ့ချီ ရှောင်တိမ်းနေကြရပါတယ်။
မိုးဗြဲကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ-မိုးဗြဲ ကားလမ်းမကြီးကနေ ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးပြီး တက်လာနေတာ အခုဆို နန်းမယ်ခုံမြို့နယ်နားအထိ ရောက်လာနေပြီ ဖြစ်ပါတယ်။
နန်းမယ်ခုံမြို့နယ်ဟာ စစ်ရှောင်တွေအများစုရှိနေတဲ့ ဒီးမော့ဆိုမြို့နဲ့ အနီးဆုံးမြို့နယ်တခုဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပစ်မှတ်ထားခံရတဲ့ ကရင်နီပြည်နယ်ထဲက မြို့နယ်တခုလည်း ဖြစ်ပါတယ်။
လက်ရှိထိုးလာတဲ့ စစ်ကြောင်းဟာ နန်းမယ်ခုံမြို့နယ်ထဲကို ဝင်ရဖို့အတွက် အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်တာတွေ၊ မီးလောင်ဗုံးသုံးပြီး နေအိမ်တွေကို မီးရှို့တာတွေ လုပ်နေတဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ဆိုင်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ နန်းမယ်ခုံမြို့နယ်ထဲက စစ်ရေးအရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“အခုထိုးလာတဲ့ စစ်ကြောင်းမှာ PNO ပြည်သူ့စစ် ပါမပါတော့ မသိရသေးဘူး။ လောလောဆယ်တော့ စစ်ဆိုင်နေပြီဆိုပေမဲ့ ထိတွေ့မှု အကြီးကြီးတော့ မဖြစ်သေးဘူးပေါ့လေ။ လေကြောင်းနဲ့ လက်နက်ကြီးတွေကတော့ နေ့တိုင်းနီးပါးပဲ၊ ရွာတွေအိမ်တွေပဲ အထိများတယ်။”
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လက်ရှိ နန်းမယ်ခုံဘက်ကို ထိုးလာတဲ့ စစ်ကြောင်းကြောင့် အိမ်ထောင်စု ၂,၇၀၀ ကျော်မှ လူဦးရေ ၁၁,၀၀၀ ကျော် ထပ်မံစစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။ အများစုကတော့ နန်းမယ်ခုံမြို့နယ်နဲ့ ၆ မိုင်လောက်သာဝေးတဲ့ ဒီးမော့ဆိုမြို့ကိုပဲ ပြေးကြရတာပါ။
တိုက်ပွဲတွေအပြင် ပြည်နယ်အတွင်း ရေကြီးမှု ဆက်တိုက်ကြုံနေရတဲ့အတွက်လည်း စစ်ရှောင်တွေကို ကူညီကယ်ထုတ်နေရတဲ့ အပိုင်းမှာလည်း ငွေရေးကြေးရေး မလုံလောက်မှုတွေနဲ့ စက်သုံးဆီဈေးကြီးမှုက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဒေသခံတွေက DVB ကို ပြောပါတယ်။
ဒီးမော့ဆိုဒေသခံတယောက်က “ပြည်သူတွေကလည်း အားလုံးပြန်နိုင်ပြီ။ (--)တွေကလည်း ဒီဘက်မလာနိုင်တော့ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ စပါးတွေ ပြန်စိုက်ကြတယ်။ တောင်ယာတွေ လုပ်စားတာပေါ့နော်။ ရေရှည်လည်း သူများမလှူနိုင်တော့ဘူး၊ မလွယ်ဘူးဆိုပြီးမှ ရှိတာနဲ့ ရုန်းကန်ပြီးတော့ လယ်ထဲစိုက်၊ လယ်ထဲကရှိတာနဲ့ လယ်ထဲ အကုန်အားစိုက်ပြီး လုပ်ခဲ့တာ၊ အခုက ပစ်ထားပြီး ပြေးနေရတယ်ဆိုတော့ ဘယ်လိုလုပ်ရမှန်းလဲ မသိတော့ပါဘူး” လို့ ပြောပါတယ်။
ကရင်နီထဲက စစ်ရှောင်စခန်းအများစုမှာ အမိုးအကာနဲ့ ရိက္ခာလိုအပ်ချက်တွေက မြင့်တက်နေပြီး စစ်ရှောင်ဦးရေကလည်း တလထက်တလ ပိုတိုးလာနေပါတယ်။
ပြည်နယ်ရဲ့ လူဦးရေထက်ဝက်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ဖယ်ခုံအရှေ့ဘက်ခြမ်းမှာလည်း ပိတ်မိနေတဲ့သူတွေကို ဆက်ကယ်ထုတ်နေရဆဲ ဖြစ်ပါတယ်။
မောရစ်