ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးသွားသူတွေကို ကိုးကန့်တပ် (MNDAA) ထောက်ပံ့ငွေ ပေးအပ်ကူညီပေးခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သူ မိသားစုတွေနဲ့ ပြင်းထန်ဒဏ်ရာရသူတွေကို ထောက်ပံ့ကြေးပေးတာလို့ သြဂုတ် ၂ ရက်မှာ ကိုးကန့်ဘက်က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီက ထောက်ပံ့ကြေးထုတ်ပေးတာလို့ ဆိုပါတယ်။
လက်ရှိမှာ ဒဏ်ရာပြင်းထန်သူ တချို့ကို MNDAA က အရေးပေါ်ကုသမှုပေးထားပြီး သေဆုံးသူတယောက်ကို ကျပ် ၁၆ သိန်း၊ ပြင်းထန်ဒဏ်ရာရသူတယောက်ကို ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ရှိ New Century ရာစုသစ်ဟိုတယ်နဲ့ အနီးအနားက နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။