Home
မြန်မာသတင်း
မိုးကုတ် လေကြောင်းဗုံးကြဲမှု ကလေးငယ်နှင့် ဘုန်းကြီးပါ သေဆုံး၊ နေအိမ် ၆၀ ခန့် ပျက်စီး  
DVB
·
August 2, 2025
Photo : TNLA

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ဇူလိုင် ၂ ရက် မနက်က စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၁၂ ယောက်ထဲမှာ ကလေးငယ်တယောက်နဲ့ ဘုန်းကြီးတပါးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် လေတပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့်  မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်ဦးဘာရပ်နဲ့ အောင်သုခရပ်ကွက်အပေါ်ကိုကျရောက် ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးသူငယ် အပါအဝင် ၁၂ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တယောက်၊ ဘုန်းကြီး တပါးနဲ့ အမျိုးသား ၁၀ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား ၁၀ ယောက် နဲ့ အမျိုးသမီး ၆ ယောက်တို့ ဒဏ်ရာရကာ နေအိမ် ၆၀ နီးပါး ပျက်စီးသွားခဲ့တယ်လို့ မိုးကုတ်မြို့ခံ တယောက်က  DVB ကို ပြောပါတယ်။

"ကလေးဆိုရင် ခန္ဓာကိုယ်ပဲတွေ့တယ်။ ခေါင်းမတွေ့ဘူး။ စိစိညက်ညက်ကို ကြေသွားတာ။ ကျန်တဲ့လူတွေတော့ ခြေပြတ်လက်ပြတ်တွေပေါ့။ တလမ်းလုံးကို အနိဋ္ဌာရုံတွေပဲ ဖြစ်သွားတာ။ အတုန်းအရုန်းကိုဗျာ သေနေတာ။ မြင်ရက်စရာတောင်မရှိ။ ဗုံးကြဲတဲ့ အသံကလည်း မိုးခြိမ်းသလိုပဲ။"

ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မန္တလေးတိုင်းရဲ့ ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

မိုးကုတ်မြို့နယ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မှာ  တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

TNLA ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မိုးကုတ်မြို့၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသခံ အယောက် ၂၀ ထက် မနည်း သေဆုံးသွားတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း နိုင်ငံတဝန်းမှာ အရပ်သား ၇,၀၂၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013