Home
မြန်မာသတင်း
မိုးကုတ်မြို့အနောက်ပိုင်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံး
DVB
·
August 2, 2025
MOGOGK02082025-1
MOGOGK02082025-6
MOGOGK02082025-5
MOGOGK02082025-7
MOGOGK02082025-2
MOGOGK02082025-4
MOGOGK02082025-3

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီတပ်က သြဂုတ် ၂ ရက် ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး သေဆုံးသူအတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဂေါင်းဦးဘာရပ်ကွက်နဲ့ အောင်သုခရပ်ကွက်ကြား၊ ကြပ်ပြင်ရဲစခန်းနားကိုကြဲတာဖြစ်ပြီး မနက်အစောပိုင်း လူသွားလူလာများတဲ့ အချိန်ဖြစ်တာကြောင့် ထိခိုက်သေဆုံးသူများတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတယောက်က “အဲနားကွမ်းယာဆိုင်ကအမဆိုရင် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားတယ်။ လူတယောက်ဆို ကိုယ်လုံးပဲကျန်တာ။ လက်တွေခြေထောက်တွေ၊ ခေါင်းတွေ မရှိတော့ဘူး။ လမ်းမပေါ်မှာ ခေါင်းပြတ်လက်ပြတ်တွေကြီးပဲ” လို့  ပြောပါတယ်။

ဂေါင်းဦးဘာရပ်ကွက်နဲ့ အောင်သုခရပ်ကွက်ကြားကို စစ်ကောင်စီတပ်က တံတားဦး လေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဗုံးကြဲခံရလို့ ပြည်သူ ၁၂ ယောက်ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတာကြောင့် အသေးစိတ် အတိအကျမသိရသေးပါဘူး။

မိုးကုတ်မြို့အရှေ့ပိုင်းက၊ မင်းတံတားရပ်ကွက်၊ အရှေ့ရွာနဲ့ရွှေဘုံသာရပ်ကွက်တို့ကိုလည်း ဇူလိုင် ၂၉ ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၈ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကို ဇူလိုင်လအတွင်း လေကြောင်းကနေ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024