ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို ဇူလိုင် ၃၁ ရက်နေ့ မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မြေးအဘွား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာစည်ကျေးရွာကို မန္တလေးတံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကျနော်တို့အရပ်သားတွေကတော့ ပေါင်ဘယ်လောက်ဗုံးလဲ၊ Rocket လားဆိုတာကိုတော့ မခွဲခြားတတ်ဘူးအစ်ကို။ လေယာဉ်ပေါ်ကနေ ပစ်ချသွားတာက ၂ ကြိမ်ပစ်သွားတာ။ ရွာဘုန်းကြီးကျောင်းရဲ့ တောင်ဘက် ခပ်လှမ်းလှမ်းကို ပစ်ခတ်သွားတာ။ အဲလိုပစ်ခတ်လို့ ရွာက ၃ နှစ်အရွယ်နဲ့ အသက် ၆၀ အရွယ် အဘွားအိုတဦး နေရာတင် သေဆုံးရတယ်။ မြေးနဲ့အဘွားသေတာလို့လည်း ပြောလို့ရပါတယ်။ ဒဏ်ရာရသူ ၆ ဦးထဲမှာက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ပါတယ်။ လူနေအိမ် ၂ လုံးလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
သာစည်ကျေးရွာဟာ ကန့်ဘလူမြို့နယ်နဲ့ အလှမ်းကွာဝေးပြီး မလည်ရွာအနီး ၂ မိုင်ကျော်မှာ တည်ရှိတဲ့ အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ကန့်ဘလူကာကွယ်ရေးခေါင်းဆောင်တယောက်က “ကျနော်တို့ တိုက်ပွဲကတော့ မရှိပါဘူး။ အကြောင်းမဲ့ကို လာပစ်သွားတာ။ စစ်တပ်ကတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်ပဲ သတင်းရလို့ပစ်တယ်။ အကြမ်းဖက်ရှိလို့ ပစ်တယ်၊ ဒီလိုပဲ သတင်းအမှားတွေနဲ့ ပြည်သူကို လိမ်နေဦးမှာပဲ။ အဖြစ်မှန်၊ သတင်းမှန်ကိုသိချင်ရင် မြေပြင်ကိုလာခဲ့ပါ။ ဘာတိုက်ပွဲမှမရှိသလို ဘာစစ်ရေးလှုပ်ရှားမှုမှမရှိဘူး” လို့ ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နေ့ကလည်း မလည်တိုက်နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ ဆေးရုံးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ၉ နှစ်အရွယ် ကလေးငယ်အပါဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။