မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာရဲစခန်း အပါအဝင် နေရာ ၃ ကို စစ်ကောင်စီတပ်က ဇူလိုင် ၂၉ ရက်နေ ညနေ ၄ နာရီခွဲဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အကျဥ်းသားတွေ အပါအဝင် ၂၄ ယောက် သေဆုံးကာ အယောက် ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)ရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ဘက်က ပြုစုထားတဲ့ စာရင်းတွေအရပေါ့နော်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ လက်ပန်လှရဲစခန်းက အမိန့်ချပြီးသား အကျဥ်းသားတွေနဲ့ စစ်ဆေးဆဲ တရားခံ ၂၂ ယောက် သေဆုံးခဲ့တယ်။ မန္တလေး PDF လို အဖွဲ့အစည်းတွေဘက်ကလည်း သတင်းထုတ်ပြန်ထားတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြစ်ဒဏ်ကျအကျဉ်းသားတွေနဲ့ စစ်ဆေးဆဲ သံသယတရားခံ ဖြစ်တဲ့ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင် ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက “လက်ပန်လှရဲစခန်းအတွင်းမှာတင် သေဆုံးသူက ၂၂ ယောက်ပါ။ ရွှေပန်းတောရွာက သေဆုံးတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့နဲ့ဆို ၂၄ ယောက် ဖြစ်ပါတယ်။ ရဲစခန်းထဲချတဲ့ဗုံးက ကြီးတယ်။ ဘယ်အဆောင်မှ အကောင်းမရှိတော့ဘူး။ စခန်းမှူးရုံးခန်း အဆောင်ဆို တစစီပဲ။ အခု သေဆုံးသူ အရေအတွက်ထဲက အလောင်းမရဘဲ တစစီ ဖြစ်သွားကြတဲ့သူတွေ မပါသေးပါဘူး။ တကယ်တမ်းက ၂၄ ယောက်ထက် ပိုများနိုင်တယ်။ ဇရပ်ကွင်းရွာကတော့ အသေအပျောက် မရှိပါဘူး။ အိမ်တွေပဲ ပျက်စီးကုန်တာ။ အခု ဗုံးကြဲခံရတဲ့ရွာတွေက ပြည်သူတွေကတော့ ထွက်ပြေးကုန်ကြပြီ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်တာမရှိတဲ့အပြင် တော်လှန်ရေးရဲဘော်တွေလည်း တပ်စွဲနေတာမရှိဘဲ စစ်တပ်ဟာ ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၄၊ ၁၄ နဲ့ ၁၇ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်က လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄၀ ဝန်းကျင် သေဆုံးခဲ့ရသလို စာသင်ကျောင်း၊ ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ်အများအပြားလည်း မီးလောင် ပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားတဲ့ အဆိုပါ လက်ပန်လှကျေးရွာရဲစခန်းအပြင် ရွှေပန်းတောကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ်သတိပေးထားပါတယ်။