
ယူကရိန်းနိုင်ငံ နီးပရိုပက်ထရော့ဗ်စ်ခ် ဒေသရှိ ကာမီးယန့်စ်ခ်မြို့ကို ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းက ရုရှားဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
သေဆုံးသူ မိခင်လောင်းဟာ ဒီယာနာ အမည်ရှိ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် ဖြစ်တယ်လို့ ဇလန်းစကီးက ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ တင်ထားတဲ့ ပို့စ်တခုမှာ ပြောထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၂ ခုနဲ့ အနီးနားရှိ ဆေးရုံတရုံ ထိခိုက်ပျက်စီးသွားကြောင်း ကာမီးယန့်စ်ခ် မြို့တော်ဝန် အန်ဒရီယိ ဘီလိုဆော့ဗ်က ပြောပါတယ်။
အမှတ် ၉ ဆေးရုံကြီးဟာ ကာမီးယန့်စ်ခ် အတွက်သာမက ဒေသတခုလုံးအတွက် အဓိက ဆေးဘက်ဆိုင်ရာဌာနဖြစ်ပြီး ကာမီးယန့်စ်ခ် ဒေသခံတွေ အသုံးပြုနေကြတဲ့ဆေးရုံ ဖြစ်တယ်လို့လည်း ဘီလိုဆော့ဗ်က ပြောပါတယ်။
အထိအခိုက် အပျက်အစီးများခဲ့တဲ့ ဆေးရုံရဲ့ အစိတ်အပိုင်းတွေထဲမှာ မီးဖွားခန်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဇာပိုရစ်ချ်ဇီယာဒေသမှာ ရုရှားလေတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းထောင်တခုကို ထိမှန်ခဲ့ရာ သေဆုံးသူ ၁၇ ယောက်ထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၄၂ ယောက် ရှိခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
ပေါက်ကွဲအားမြင့် လေကြောင်းဗုံး ၄ လုံး ပါတဲ့ တိုက်ခိုက်မှုတခုအတွင်း အကျဉ်းထောင်ရဲ့ ထမင်းစားခန်းမ ပျက်စီးခဲ့ပြီး တခြားအစိတ်အပိုင်းတွေလည်း ပျက်စီးခဲ့ကြောင်း ယူကရိန်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အကျဉ်းထောင်ရဲ့ လက်ထောက်အကြီးအကဲ ဒီမီထရို အာဇာရော့ဗ်က အနည်းဆုံး အကျဉ်းသား ၁၆ ယောက် သေဆုံးခဲ့ကြောင်း ပြောပါတယ်။
ယူကရိန်း တရားရေးဝန်ကြီးဌာနကတော့ လူပေါင်း ၁၇ ယောက် သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters