Home
နိုင်ငံတကာ
ထရမ့်ပ် သတိပေးပြီးနောက် ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် ၂၅ ဦးသေဆုံး
DVB
·
July 30, 2025
Photo: STATE PENITENTIARY SERVICE OF UKRAINE

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ပွဲအဆုံးသတ်ရေး အချိန်ကာလတခုကို သတ်မှတ်ပေးလိုက်ပြီးနောက် နာရီပိုင်းအကြာမှာတင် ယူကရိန်းနိုင်ငံတဝန်း ရုရှားရဲ့  တိုက်ခိုက်မှုကြောင့် လူ ၂၅ ယောက် သေဆုံးခဲ့ပါတယ်။

သန်းခေါင်ယံမတိုင်ခင်  တိုက်ခိုက်မှုအတွင်း ဇာပိုရစ်ချ်ဇီယာဒေသက အကျဉ်းထောင်နဲ့ နီပရိုဒေသမှာရှိတဲ့ ဆေးရုံတခုရဲ့ မီးဖွားဆောင်ကို ဒုံးကျည်ထိမှန်ခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ချီဇီယာဒေသက ဘီလင့်ခ် အကျဉ်းထောင်မှာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အကျဉ်းသား ၁၆ ယောက် သေဆုံးခဲ့ရသလို နောက်ထပ် ၅၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အရှေ့မြောက်ပိုင်း ဒေသတခုဖြစ်တဲ့ ခါကိဗ်မှာတော့ မော်စကိုရဲ့ သီခြားတိုက်ခိုက်မှုအတွင်း လူသားချင်းစာနာမှု အကူအညီအတွက် တန်းစီနေတဲ့ လူအုပ်အပေါ် ထိမှန်ခဲ့တဲ့အလျောက် သေဆုံးသူ ၅ ယောက် ရှိခဲ့ပါတယ်။

အဲဒီနောက် နီပရိုပတ်ထရော့ဗ် အလယ်ပိုင်းဒေသမှာလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့ရပါတယ်။

ဒါတွေဟာ ယူကရိန်းမြို့နဲ့ ကျေးရွာပေါင်း ၇၃ ခုကို ရုရှားဘက်က ပစ်မှတ်ထား တိုက်ခိုက်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

လာမယ့် ဩဂုတ် ၈ ရက် မတိုင်ခင် ယူကရိန်းနဲ့ အပစ်ရပ်သဘောတူညီချက် အရယူဖို့အတွက် ရုရှားသမ္မတ ပူတင်ကို ထရမ့်ပ်က အချိန်ပေးထားပြီး ဒါမှမဟုတ်ရင် ကျယ်ပြန့်တဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ အစောပိုင်းတုန်းက ထရမ့်ပ်ကိုယ်တိုင် ရာဇသံပေးထားတဲ့ ရက် ၅၀ ကြာ နောက်ဆုံးသတ်မှတ်ကာလကို အခုလိုမျိုး လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရုရှားဒေသတွေဖြစ်ကြတဲ့ ရော့စ်တော့ဗ်နဲ့ ဘဲလ်ဂိုရော့တ် ဆီကို ဒါဇင်နဲ့ချီတဲ့ ဒရုန်းတွေ စေလွှတ်ပြီး ယူကရိန်းဘက်က ညလုံးပေါက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကားထဲက လူ ၂ ယောက် သေဆုံးခဲ့တဲ့အပြင် ကုန်တင်ရထားတစီးပါ မီးလောင်ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

လက်ရှိ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့လည်း ကရင်မလင်နန်းတော်ဘက်က လျစ်လျူရှုပြီး ကိယက်ဗ်အပေါ်  တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013