
ယူကရိန်းစစ်တပ်ရဲ့ လက်နက်တိုက် အပြောင်းအရွှေ့မှာ ပြည်တွင်းထုတ် UAR-15 ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့ ဆိုဗီယက်ခေတ် AK-74 ရိုင်ဖယ်တွေကို အစားထိုးဖို့ ပြင်ဆင်နေပြီး ယူကရိန်း တပ်မတော်ရဲ့ ထိရောက်မှု၊ ခေတ်မီမှုနဲ့ ကိုက်ညီမှုမြှင့်တင်ဖို့ ဗျူဟာမြောက် အပြောင်းအလဲ တခုအဖြစ် ရှုမြင်ထားပါတယ်။
စစ်ဘက်ကျွမ်းကျင်သူတွေနဲ့ စစ်သည်တွေက UAR-15 ရဲ့ လက်တွေ့ကျမှု၊ တိကျမှုနဲ့ ခေတ်မီ စစ်ပွဲအခြေအနေတွေနဲ့ လိုက်လျောညီထွေ ရှိမှုတို့အတွက် ချီးကျူးခဲ့ပါတယ်။
ယူကရိန်း အမျိုးသားအစောင့်တပ်ရဲ့ အမှတ် ၁၅ ဟာတီးယား စစ်ဆင်ရေးတပ်မဟာက စစ်သားတွေဟာ သမားရိုးကျလက်နက်ဖြစ်တဲ့ ကာလက်ရှ်နီကို့ဗ်ထက် အားသာချက် အများကြီးရှိတာကို သတိပြုမိကြပြီး ရိုင်ဖယ်ကို တက်တက်ကြွကြွ စမ်းသပ်နေကြပါတယ်။
UAR-15 အသွင်ကူးပြောင်းမှုဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေလို့ ယူကရိန်းတပ်ဖွဲ့တွေကို လက်နက်တွေ တပ်ဆင်ပေးရေး ပိုကျယ်ပြန့်တဲ့ ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်း ဖြစ်လာပါတယ်။
သေနတ်ဟာ အလေးချိန်ပေါ့လို့ စစ်သားတွေက ရိက္ခာတွေ ပိုသယ်နိုင်တဲ့အတွက် UAR-15 ရဲ့ ထောက်ပံ့ပို့ဆောင်ရေး အားသာချက်တွေကို အသက် ၃၃ နှစ်ရှိတဲ့ စစ်သည် ယူရှ်နီက မှတ်ချက်ပြုခဲ့ပါတယ်။
“UAR က AK ထက် ၆၀၀ ဂရမ် ပိုပေါ့တယ်၊ ခရီးသွားတဲ့အခါ အပ်တချောင်းတောင် လေးတယ်။ ကျနော်တို့ရဲ့ တပ်မဟာက အခု NATO စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ လက်နက်တွေ အပြည့်အစုံ တပ်ဆင်ထားတယ်” လို့ ယူရှ်နီက ပြောပါတယ်။
UAR-15 ရိုင်ဖယ်ကို ပြည်တွင်းမှာ လုံးဝနီးပါး ထုတ်လုပ်ထားတာပါ။ သေနတ်ပြောင်းတမျိုးကိုသာ အမေရိကန်ကနေ တင်သွင်းပြီး အဓိက အစိတ်အပိုင်းတွေ အားလုံးကို ယူကရိန်းမှာ ထုတ်လုပ်ထားပါတယ်။ ၂၀၂၆ ခုနှစ်မှာ သေနတ်ပြောင်းတွေကို ယူကရိန်းမှာတင် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းရဲ့ လက်နက်တဝက်ကို ပြည်တွင်းမှာ ထုတ်လုပ်ချင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အဓိက အစိုးရအပြောင်းအလဲတရပ် အပြီးမှာ တက်လာတဲ့ အစိုးရသစ်ဟာ ပြည်တွင်းထုတ် လက်နက်အချိုးကို မြှင့်တင်ဖို့ အစီအမံတွေအပေါ် အားကိုးနေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
အရင်က ရှေ့တန်းနဲ့ တခြားစစ်ဆင်ရေးတွေမှာ သုံးတဲ့ လက်နက်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြည်တွင်းထုတ်ဖြစ်ပြီး ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ဇလန်းစကီးက မျှော်လင့်ထားပါတယ်။
Source: Reuters