Home
မြန်မာသတင်း
မိုးကုတ်တွင် TNLA  စစ်သားစုဆောင်းနေမှုကြောင့်  ဂေါ်ရခါးလူငယ်များစိုးရိမ်
DVB
·
August 1, 2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင်လ ဒုတိယပတ်ကစတင်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်က ‌ဂေါ်ရခါး အမျိုးသား လူငယ်သာမက လူကြီးတွေကိုပါ စစ်သားစုဆောင်းနေတာကြောင့် အပြင်မထွက်ရဲဘဲ စိုးရိမ်ပူပန်နေရတယ်လို့ မြို့ခံ ဂေါ်ရခါးလူငယ်တွေဆီက သိရပါတယ်။

မိုးကုတ်မြို့တွင်း ‌ဂေါ်ရခါးလူမျိုးတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ တရပ်ကွက်ကို စစ်မှုထမ်းဖို့ ၃ ယောက် ပေးရမယ်လို့ TNLA ဘက်က တောင်းဆိုလာခဲ့ပေမဲ့ ဂေါ်ရခါးလူမျိုးတွေက ကန့်ကွက်တာကြောင့် ရပ်ကွက်အတွင်း အတင်းဝင်ဖမ်းဆီးတာ၊ လမ်းသွားသူတွေကို အတင်းဖမ်းခေါ်သွားတယ်လို့ ဂေါ်ရခါးလူငယ်တယောက်က ပြောပါတယ်။

“ကျနော်တို့က ခုလိုတွေ အတင်းပေါ်တာဆွဲဖို့ သူတို့(TNLA)ကို ရွေးချယ်ထားတာမဟုတ်ဘူး။ အဲဒါဖြင့် စစ်ကောင်စီတပ်နဲ့ သူတို့က ဘာများကွာနေတော့မှာလဲ။ လူငယ်တွေ ထာပွဲ၊ ကျောက်မျက်ရတနာစျေး မသွားရဲဘူး၊ ကြောက်နေရတယ်။ ကျနော်တို့က သူတို့နဲ့သာဆိုရင် စိတ်လုံခြုံမယ်လို့ ထင်ခဲ့တာ၊ ပိုဆိုးနေတယ်။ ပြီးတော့ NUG အစိုးရမှာလည်း ဒီကိစ္စ စာတင်ထားတယ်လို့ သိရတယ်ပေါ့နော်။ စာတင်တဲ့ အဲ့လူကြီးတွေကိုလည်း ဖမ်းထားတယ်လို့ သိပါတယ်။”

မိုးကုတ်မြို့တွင်းက ရေပူရပ်ကွက်မှာ ဇူလိုင် ၃၀ ရက်က ဂေါ်ရခါးလူငယ် ၇ ယောက်ကို TNLA က စစ်မှုထမ်းဖို့ ခေါ်သွားတဲ့အပြင် ဇူလိုင် ၃၁ ရက် ညမှာလည်း တောင်ကချင်ရပ်ကွက်က အသက် ၅၀ အရွယ် လူကြီးပိုင်း ၃‌ ယောက်ကို ဝင်ရောက် ဖမ်းဆီး ခေါ်‌ဆောင်သွားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့တွင်းမှာ နေ့စဥ် ကျောက်မျက်ရတနာ‌စျေး ထာပွဲတွေမှာ အရောင်းဝယ်လုပ်နေသူ ‌ဂေါ်ရခါးလူမျိုး လူငယ်တွေကို ဝင်ဖမ်းတာ၊ မြို့အထွက်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးတာ၊ လူသွားလူလာနည်းတဲ့ မြို့ဝင်ထွက်နေရာတွေမှာ ဖမ်းဆီးတာအပြင် နေအိမ်တွေမှာပါ လိုက်ဖမ်းနေတာကြောင့် ဂေါ်ရခါးလူငယ်တွေ အပြင်မထွက်ရဲဘဲ စိုးရိမ်ပူပန်နေရတယ်လို့ ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းက ဂေါ်ရခါးလူငယ်တယောက်က “ခုက ပြန်ပြေးရမလိုဖြစ်နေပြီ၊ လမ်းကလည်း ခုပိတ်ထားတယ်။ ဟိုဘက်သွားလည်း ကြောက်ရ၊ ဒီဘက်သွားလည်း‌ ကြောက်ရတယ်။ လမ်းဖွင့်လို့ ပြေးမယ်ဆိုလည်း လမ်းမှာ စစ်ဆေးလို့ တွေ့ရင် ခေါ်ထားမှာ၊ ခုက အကူအညီမဲ့သလို ခံစားနေရတယ်” လို့ ပြောပါတယ်။

TNLA တပ်က ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ အိမ်ထောင်စုစာရင်းပေးခိုင်းပြီး တရပ်ကွက်ကို ၃ ယောက်နှုန်း ပေးခိုင်းပေမဲ့ ဂေါ်ရခါးလူမျိုးတွေက ကန့်ကွက်တာကြောင့် အခုလို လိုက်ဖမ်းဆီး အတင်းစုဆောင်းနေတာလို့ သိရပါတယ်။

ဇူလိုင်လ ဒုတိယပတ်ကစတင်ပြီး မိုးကုတ်မြို့တွင်း TNLA ရဲ့ စစ်သားစုဆောင်းမှု ခံထားရသူ ဂေါ်ရခါးလူမျိုး ခန့်မှန်း ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA က ပြောရေးဆိုခွင့်ရှိသူ မလွေးယေးဦးကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မိုးကုတ်မြို့က အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေ မဖြစ်မနေစစ်မှုထမ်းဖို့ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက TNLA က စီစဉ်ခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ ကန့်ကွက်ခဲ့ကြတာပါ။

စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး TNLA ကို အဲဒီတုန်းက ဆက်သွယ်မေးမြန်းရာမှာ တအိမ်တယောက်တာဝန်ထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းဘဲရှောင်တိမ်းရင် အရေးယူတာတွေရှိမယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024