
မြန်မာစစ်အာဏာရှင် ကျဆုံးလုနီးပါး ဖြစ်နေတဲ့ အခြေအနေကောင်းကို အသုံးချပြီး အရင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးစီမံချက်တွေနဲ့ ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ နွေဦးတော်လှန်ရေးအင်အားစုတွေကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းငေါ့ စတဲ့ ဒေသတွေကို လေယာဉ်၊ လက်နက်ကြီး၊ အင်အားပြင်းဗုံးတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ မြို့ရွာ အသီးသီးက စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဟိုတယ်၊ တည်းခိုခန်း၊ အလုပ်ရုံစတဲ့ ပြည်သူတွေ သွားလာနေထိုင်နေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေရာကနေ အမြန်ဆုံးရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ၊ တရုတ်အစိုးရနဲ့ နိုင်ငံတကာ အစိုးရတွေကိုလည်း တောင်းဆိုထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကနေ ကင်းလွတ်ဖို့အတွက် လိုအပ်တဲ့ ဗုံးခိုကျင်းအစီအမံတွေ လုပ်ဆောင်ပြီး သွားလာနေထိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဒါ့အပြင် အတုယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံအာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်၊ တပ်ရင်းတွေ ဆုံးရှုံးပြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
TNLA တနှစ်ဝန်းကျင် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က ၇ လနီးပါး တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇူလိုင် ၁၆ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။