
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ချောင်းဆုံရွာနဲ့ ချောင်းဦးမြို့နယ် ရွှေဓားကျကျေးရွာတွေကို ဩဂုတ် ၁ ရက် မနက် ၉ နာရီခွဲကျော်မှာ စစ်တပ်က စက်တပ် လေထီးယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အဆိုပါစက်တပ်လေထီးယာဉ်ဟာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကနေ လာရောက်ပစ်ခတ်ခဲ့တာလို့ ချောင်းဆုံရွာသားတယောက်က ပြောပါတယ်။
“စက်တပ် လေထီးနဲ့ အရင်ဆုံး လက်ဖက်ရည်ဆိုင်အနီးကို တလုံးချတာ။ အဲဒီအလုံးက အုပ်တံတိုင်းဘေးကျပြီး ပေါက်ကွဲတာ အထိခိုက်မရှိခဲ့ဘူး။ နောက်ထပ်တလုံးက အရက်ဆိုင်ဘေးက ရေကန်ထဲကျ ပေါက်ကွဲတာ။ အဲဒီအလုံးကတော့ ကျီကုန်းရွာကနေ လက်ဖက်ရည်လာသောက်တဲ့ အမျိူးသားတယောက် နေရာတင် သေဆုံးတယ်။ ဒဏ်ရာရတာကတော့ ကျနော်သိသလောက်ကတော့ ၆ ယောက်ကျော်တယ်။ ကနီဘက်ကနေ ဝါးလုံးလာရောင်းတဲ့ သူတယောက်ရယ်၊ ရွာက အသက် ၆၀ ကျော် အမျိုးသားတယောက်ရယ်၊ ကိုထွန်းနိုင်၊ ကိုဌေးဝင်းကတော့ မျက်မြင်တွေ့လိုက်ရတယ်။ ရွှေဓားကျရွာကတော့ ကလေးငယ်တယောက်ထိတယ်၊ သိပ်တော့ မစိုးရိမ်ရပါဘူး။”
စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချတာကြောင့် ရွာချင်းကပ် ချောင်းဆုံရွာနဲ့ ရွှေဓားကျရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း ဆိုပါတယ်။
ချောင်းဦးမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “ချောင်းဆုံရွာက မုံရွာမြို့နဲ့ ၈ မိုင် နီးပါးခန့် ဝေးတယ်ဗျ။ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ချုပ်စပ်လို့ ပြောရမယ်။ ခန့်မှန်းအိမ်ခြေ ၁၅၀ လောက်တော့ ရှိမယ်ဗျ။ ရွာလေးက မနက်ခင်း ဈေးလည်းရှိတော့ ရွာက အတော်လေးစည် တယ်ဗျ။ ဘာတိုက်ပွဲမှမရှိပါဘူး၊ သူတို့ လုပ်ချင်လို့ကို လုပ်နေတာ။ အခုလည်း စက်တပ် လေထီးယာဉ်နဲ့ ဗုံးကြဲပြီး ချောင်းဦးမြပုလဲ အထိုင်စစ်တပ်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ် နေတယ်။ ဘာတွေဖြစ်မယ်ဆိုတာကတော့ မသိရသေးဘူး။ ဖုန်းလိုင်းတွေလည်းဖြတ်ထားပြီး ရွာသားတွေကလည်း အကုန်တိမ်းရှောင်နေကြတာဆိုတော့ ဘယ်အရာမှ အတည်ပြုလို့ မရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း မြပုလဲအထိုင်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။