
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သားတွေရဲ့ အဆောက်အဦနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃၁ ရက်မနက်ပိုင်းနဲ့ သြဂုတ် ၁ ရက် မနက်ပိုင်းမှာ အင်္ဂပူမြို့နယ်က ပိန္နဲကွင်း၊ သံပုရာကွင်း၊ ကြက်ပေါင်းကုန်း၊ လယ်တန်ငယ်၊ ကျောက်စရစ်ကုန်းစတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၉ ကြိမ်လောက် ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
အင်္ဂပူမြို့နယ် ဒေသခံတယောက်က “မနက် ၄ နာရီလောက်နဲ့ ၆ နာရီလောက်အချိန်တွေမှာ ရက်ရက်စက်စက်ကို ဗုံးကြဲချတာ။ အရပ်သားတွေက စစ်ရှောင်နေတော့ ထိခိုက်တာမရှိပါဘူး။ အိမ်တွေတော့မနည်းဘူး မီးလောင်ပျက်စီးကုန်တာ” လို့ ပြောပါတယ်။
အဲဒီ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲလို့ နေအိမ် ၃၀ လောက်အထိ ပျက်စီးနိုင်ခြေရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ဆိုပါတယ်။
အင်္ဂပူမြို့အခြေစိုက်တပ်ရင်းနဲ့ နီးစပ်သူတယောက်က “အခု ဗုံးကြဲချခံရတဲ့နေရာတွေက တိုက်ပွဲမရှိတဲ့နေရာတွေပါ။ တိုက်ပွဲက ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေကဖြစ်ခဲ့တာ။ အခု တပ်က နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့ ဆက်တိုက်ဗုံးကြဲချနေတာ” လို့ ပြောပါတယ်။
အခု ဗုံးကြဲခံရတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့မေလ အတွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF၊ အာရက္ခတပ်တော် AA တို့ တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အရပ်သားထောင်ချီ အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။