
ရန်ကုန်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ဧရာဝတီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လက်ကိုင်ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့်ဆိုပြီး ခရီးသွား ၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းရဲ့ အဓိကဝင်ပေါက်၊ ထွက်ပေါက် ဂိတ်တခုဖြစ်တဲ့ ပန်းတိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ၊ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေက ခရီးသွားတွေရဲ့လက်ကိုင်ဖုန်းတွေကို စစ်ဆေးရင်း ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့်ဆိုပြီး သြဂုတ် ၂ ရက် မနေ့ညနေပိုင်းက ခရီးသွား အရပ်သား ၄ ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ညနေ ၄ နာရီလောက်က ၂ ယောက်နဲ့ ၆ နာရီလောက်က ၂ ယောက် အဖမ်းခံရတာ။ ဘာလို့ဖမ်းတာလဲ စုံစမ်းကြည့်တော့ ဖုန်းထဲမှာ VPN ရှိတာကြောင့်ဆိုပြီး ဖမ်းတာ။ ကားနဲ့ပါလာတဲ့ ခရီးသည် ၂ ယောက်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ ခရီးသည် ၂ ယောက်။ နာမည်တွေတော့ မသိပါဘူး” လို့ ပြောပါတယ်။
ဖမ်းခံရတာဟာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်ဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာ မနေ့က တရက်တည်း ပန်းတိုင်ဂိတ်ကနေ ၉ ယောက်ပါ။ VPN ကြောင့် ခေါင်းစဉ်နဲ့ အဖမ်းခံရတာက ၄ ယောက်ပါ။ ကျန်တာတွေကတော့ မှတ်ပုံတင်ကိစ္စလို့ပဲ သိရတယ်။ ဖမ်းတာတော့ မှန်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို ဘယ်မှာထားတယ်ဆိုတာ မသိရသေးသလို သြဂုတ် ၃ ရက် ဒီနေ့လယ်ပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ ဖြစ်စဉ်ကို သိရှိသူတွေက ဆိုပါတယ်။
စစ်သားတွေအပါအဝင် အဖွဲ့စုံက အခု သြဂုတ် ၁ ရက်က စတင်ပြီး ပန်းတိုင်စစ်ဆေးရေးဂိတ်မှာ အလုပ်သမားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်းတွေပါမကျန် တောင်းယူပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။