
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်တပ်က အလုံးစုံထိန်းချုပ်ပြီးနောက် ကာကွယ်ရေးအင်အားစုတွေကို ထောက်ခံအားပေးတယ်ဆိုပြီး အရပ်သား ၂၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။
စစ်တပ်က ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံတယ်ဆိုတဲ့ ဒေသခံတွေရဲ့ နာမည်အတိအကျနဲ့ တအိမ်တက်ဆင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်တွေကိုပါ ချိပ်ပိတ် သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က မြို့အတွင်းမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ ရှိနေတာကြောင့် မြို့ခံအများစု နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အဓိကတော့ ဒလန် လက်ထောက်ချတာပေါ့။ ဒလန်တွေက အိမ်ကိုလိုက်ပြ စစ်တပ်က ဖမ်း၊ အဲဒီလိုတွေ ဖြစ်နေတာ။ မြို့ထဲမှာလည်း လူမရှိတော့ဘူး။ တိတ်ဆိတ်နေတာပဲ။ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြတာ။”
စစ်တပ်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံအများစုဟာ နေရပ်ပြန်မလာရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ခန့်ထားတဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်က နောင်ချိုမြို့ကို ဇူလိုင် ၁၆ ရက်မှာ ပြန်လည်သိမ်းယူခဲ့ပြီးနောက် လက်ရှိမှာလည်း မိုးကုတ်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာကြောင့် နောင်ချို-မိုးကုတ်ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။