
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းက မြို့တွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ရက်ဆက် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ပေါ် ၆ ရပ်ကွက်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးသွားပေမဲ့ လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ကျောက်မဲ၊ သီပေါ အပါအဝင် TNLA ထိန်းချုပ်ထားတဲ့ မြို့အများစုကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှု အရှိန်မြှင့်လာတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတယောက်က DVB ကို ပြောပါတယ်။
“နောင်ချိုလည်း ရပြီးသွားပြီ။ ကျန်တဲ့မြို့တွေကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာပြီး လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကျောက်မဲနဲ့ နောင်ချိုကြားက ရွာတွေမှာ လက်နက်ကြီးကျတာတွေ ရှိလာတော့ ဒေသခံတွေ တိမ်းရှောင်ရတာမျိုးတွေလည်း ရှိတယ်။ သီပေါဘက်မှာလည်း ၂ ရက်နေ့က ပေါင် ၅၀၀ နဲ့ လေးကြိမ် လာကြဲချသွားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လို ဖြစ်လာတယ်။”
TNLA နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေပြီး သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကစပြီး ၃ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့အများစု ပါဝင်တဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဇူလိုင်လ တလအတွင်းမှာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နဲ့ ကွတ်ခိုင်မြို့မှာ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ယောက် သေဆုံးပြီး ၈၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဩဂုတ် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။