
ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ထန်းတောဇက်ဆိပ်မှာ ကရိန်းဖလပ်တွဲတွေ သြဂုတ် ၄ ရက် ဒီကနေ့ ဆိုက်ရောက်လာပြီး တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းရှိ စစ်တပ်က ကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းထဲက ကြေးနီသယ်ယူမှုပြုလုပ်တိုင်း လမ်းတလျှောက် အနီးနားရှိ ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်စီးနင်းလေ့ရှိတာကြောင့် ဒေသခံတွေ အနေနဲ့ အထူးသတိပြု သွားလာနေထိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒီကနေ့ တရုတ်ဆိုက်က ကြေးနီသယ်ဖို့ ထန်းတောကြီး ဇက်ဆိပ်မှာ ကရိန်းယာဥ်တွေနဲ့ ဖလပ်တွဲ သင်္ဘောတွေ ဆိုက်ကပ်နေတယ်။ ကြေးနီသယ်ယူတိုင်း တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးအနားက ရွာတွေကို စစ်တပ်က ဝင်မွှေတတ်တာမို့ အသွားအလာ အနေအထိုင် ဂရုစိုက်ကြဖို့ လိုတယ်” လို့ ပြောပါတယ်။
တရုတ် ဝမ်ပေါင်ကြေးနီတွေ ထုတ်တိုင်း တရုတ်ဆိုက်က လုံခြုံရေးယူပေးတဲ့ စစ်သားတွေက ရွာတွေဝင်၊ တွေ့သမျှလူဖမ်း၊ တွေ့သမျှပစ္စည်းတွေပါ ခိုးယူတတ်တာမို့ အထူးဂရုစိုက်ကြဖို့နဲ့ ဖြစ်နိုင်ရင် အပြင်မထွက်ကြတာ ပိုကောင်းတယ်လို့လည်း ဆိုပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ညောင်ပင်ကြီး စက်လှေဆိပ်နဲ့ ထန်းတောဇက်ဆိပ်ကနေ ခရီးသွားပြည်သူတွေကို စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။