Home
မြန်မာသတင်း
ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းတွင် စစ်ရှောင် ၁,၀၀၀ ကျော် ပိတ်မိနေ
DVB
·
August 1, 2025

တိုက်ပွဲတွေနဲ့ ထိုးစစ်တွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းမှာ စစ်ရှောင် ၁,၀၀၀ ကျော် ပိတ်မိနေပါတယ်။

ပိတ်မိနေသူတွေဟာ အင်းထဲကနေ ဒီးမော့ဆိုဘက်ကို စစ်ရှောင်ဖို့ ၁၀ ရက်ကျော်ကြာ လမ်းလျှောက်ပြေးလာတဲ့သူတွေဖြစ်ပြီး မိုးဗြဲကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်တဲ့ အချိန်မှာ စစ်ရှောင် ၁,၀၀၀ ကျော်လောက်က ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီးတွေအနားမှာ ပိတ်မိနေကြတာပါ။

ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေ ဒီရက်ပိုင်း သွားကယ်ထုတ်နေပေမဲ့ လက်နက်ကြီးနဲ့ လေကြောင်းဒဏ်တွေကြောင့် စစ်ရှောင်အယောက် ၃၀၀ ကျော်လောက်ပဲ ကယ်ထုတ်နိုင်သေးတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လက်ရှိ ပိတ်မိပြီး ကျန်နေခဲ့သူတွေဟာ သက်ကြီးပိုင်းတွေ၊ ကလေးတွေ အများဆုံး ကျန်နေသေးတာဖြစ်ပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတဲ့အတွက် ကယ်ဆယ်ရေးပိုင်းကို သတိထား လုပ်နေရတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတယောက်က “ပိတ်မိနေတဲ့သူက ၁,၀၀၀ လောက် ရှိသေးတယ်။ ၁,၀၀၀ ဝန်းကျင်လောက် ရှိတယ်ပြောတယ်။ အခုထွက်လာတာက ၃၀၀ ပေါ့၊ ၃၀၀ ဝန်းကျင်ပေါ့၊ အတိအကျတော့ မဟုတ်ဘူးပေါ့။ ၃၀၀ ကျော်ရင်လည်း ကျော်မယ်၊ လျော့ရင်လည်း လျော့မယ်။ တချို့ကတော့ ရောက်ပြီဗျ၊ တချို့ကတော့ မရောက်သေးဘူး။ တချို့ လမ်းမလျှောက်နိုင်တဲ့သူတွေ လမ်းတဝက်မှာ ကျန်ခဲ့တယ်လို့ ပြောတယ်။ လမ်းတဝက်မှာ ကျန်ခဲ့တယ် ဆိုပေမဲ့ ရွာတွေရှိတယ်လေနော်။ ဒီတိုင်းပစ်ထားခဲ့တာတော့ မဟုတ်ဘူး၊ ရွာတွေရှိတယ်။ ပြီးတော့ ကလေးတွေလည်း ကျန်သေးတယ်လို့ ကြားတယ်ဗျ။ လောလောဆယ် သူတို့နေရာထိုင်ခင်းကတော့ သူတို့အမျိုးတွေ ရှိရင်တော့ သူတို့သွားချင်တဲ့ နေရာတွေ ကျနော်တို့ လိုက်ပို့တယ်။ သွားချင်တဲ့နေရာ မရှိသေးဘူး၊ နေစရာလည်း မရှိသေးဘူး ဆိုရင်တော့ ကျနော်တို့က ယာယီလေး နေရာတခု စီစဥ်ပေးထားတာ ရှိတယ်။ ပြီးတော့မှပဲ နေရာပြန်ချဖို့ လုပ်နေတယ်ဗျ” လို့ ပြောပါတယ်။

စစ်တပ်ဟာ မိုးဗြဲရပြီးတဲ့နောက် အင်အားအလုံးအရင်းနဲ့ နန်းမယ်ခုံဘက်ကို စစ်ကြောင်းထိုးလာနေသလို မြို့တော် လွိုင်ကော်နား တဝိုက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီဇူလိုင်လအတွင်းမှာပဲ နန်းမယ်ခုံဘက်က စစ်ရှောင် ၁၀,၀၀၀ ကျော်ဟာ ဒီးမော့ဆိုဘက်ကို ပြေးလာကြရပြီး ဖယ်ခုံအင်းအရှေ့ခြမ်းကနေ ပြေးလာတဲ့သူတွေဟာ ၅,၀၀၀ ကျော်လောက် ထပ်တိုးလာတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က DVB ကို ပြောပါတယ်။

အသစ်ရောက်လာတဲ့ စစ်ရှောင်တွေကို လတ်တလော နေရာထိုင်ခင်းတွေ စီစဉ်ထားပေမဲ့လည်း အမိုးအကာနဲ့ ရိက္ခာလိုအပ်ချက်တွေက စိုးရိမ်စရာအနေအထားမှာ ရှိနေပါတယ်။

ဒီးမော့ဆိုမြို့အတွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်နေတာတွေ၊ ဓာတ်ဆီ ဒီဇယ် ဈေးကြီးနေတာတွေကလည်း စစ်ရှောင်တွေကို ကယ်ထုတ်ဖို့ အဟန့်အတားတခုပါ။

ဒီးမော့ဆိုဒေသခံတယောက်က “ပြည်သူတွေ ပြေးလွှားရတာ  ဆီဖိုးက တဖက်၊ အခုက တောင်ယာ လယ်တွေ ဧကလိုက်တွေ အကုန်ချန်ထားရမှာဆိုတော့ ပြန်ရိတ်သိမ်းနိုင်ပါ့မလား၊ အဲဒါလည်း စိတ်ပူရတယ်ပေါ့နော်။ နောက်ဆုံးအနေနဲ့ စစ်တပ်က နန်းမယ်ခုံအထိ မရောက်လာနိုင်ရင်တောင်မှ လေယာဥ်နဲ့ လက်နက်တွေနဲ့ ဒရုန်းတွေနဲ့ အကုန်လျှောက်လုပ်နေမှာပဲ ပုံစံကြည့်ရတာ၊ ဒါကြောင့်မို့လို့ ရှောင်စရာလည်း အဝေးကြီးမှမရှိတာ၊ ဒီနားပတ်ချာလည်ပဲ ရှောင်နေကြတော့ ဘယ်လိုလာဦးမလဲ မသိသေးဘူးပေါ့နော်” လို့ ပြောပါတယ်။

မိုးဗြဲကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းဟာ နန်းမယ်ခုံနားတဝိုက်ကို ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်နေရတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။

ဖားဆောင်းဘက်မှာတော့ နောက်ဆုံးလက်ကျန် ခလရ ၁၃၅ တပ်ရင်းကို ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး မိုးဗြဲ၊ ဖယ်ခုံဘက်မှာတော့ နေ့စဉ် စစ်ရှောင်တွေ ကယ်ထုတ်နေရဆဲပဲ ဖြစ်ပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013