
မန္တလေးတိုင်းက ပြင်ဦးလွင်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းအေးသာဇံ စတဲ့ မြို့နယ်တချို့မှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဧည့်စာရင်း အကြောင်းပြကာ ဖမ်းဆီးတာနဲ့ ငွေတောင်းခံမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲနဲ့ လေကြာင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေတဲ့ လားရှိုး၊ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ် စတဲ့ဒေသတွေကနေ ရွှေ့ပြောင်းနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေကို ဖမ်းဆီးမှုတွေ ရှိနေတာလို့ ဆိုပါတယ်။
ဇူလိုင် ၁၁ ရက်ကနေ ၂၉ ရက်အထိ ဖမ်းဆီးခံထားရတဲ့ စစ်ဘေးရှောင် ၄ ယောက်ထက်မနည်း ရှိတယ်လို့ မန္တလေးဒေသခံ တယောက်က ပြောပါတယ်။
“ပြည်ကြီးတံခွန်မှာ ၂ ယောက် ဖမ်းခံရတယ်။ မိုးကုတ်စစ်ရှောင် အမျိုးသား ၂ ယောက်ပေါ့။ ကျန်တာက ပြင်ဦးလွင်နဲ့ ချမ်းအေးသာဇံပါ။ ယောကျ်ားလေး ၂ ဦးပဲ ဖမ်းခံရတာ။ စစ်ဘေးရှောင်ဆိုတာနဲ့ ငွေတောင်းတော့ (ငွေညှစ်) တာပေါ့ဗျာ။ တယောက်ကို ၃ သိန်း တောင်းတယ်။ သူတို့အတွက် ရန်ပုံငွေ ဘာညာဆိုပြီး။ ဘာလို့ပြောင်းလာတာလဲ၊ ဘာလို့ဒီမှာနေတာလဲ၊ ဘယ်တော့ပြန်မှာလဲ၊ ဒါတွေမေးတယ်လို့ ကြားတယ်။ သူတို့ကို ဘယ်မှာဖမ်းခံထားရလဲ သေချာမသိဘူး။”
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူး ပါဝင်တဲ့ အဖွဲ့တွေက စစ်ဘေးရှောင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းတာတွေ ရှိလာတာကြောင့် စိုးရိမ်မှုတွေ ရှိလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။