Home
မြန်မာသတင်း
နွားထိုးကြီးက ဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲ၊ ကလေးများအပါအဝင် ၆ ဦးသေဆုံး
DVB
·
July 27, 2025
NaHtoeGyi27072025 (2)
NaHtoeGyi27072025-4
NaHtoeGyi27072025-5
NaHtoeGyi27072025-2
NaHtoeGyi27072025-1
NaHtoeGyi27072025-3

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက စစ်ဘေးရှောင်တွေယာယီနေထိုင်နေတဲ့ ဘုန်းကြီးကျောင်းကို ဇူလိုင် ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင် ၆ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက “မျက်ရှုရွာက စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေတဲ့ဘုန်းကြီးကျောင်းကို မွန်းလွဲပိုင်းလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာလို့ သိရပါတယ်။ သေဆုံးသူက အသက် ၁၀ နဲ့ ၁၅ နှစ်ဝန်းကျင် ကလေး ၄ ​ယောက်နဲ့ ၄၀ နဲ့ ၅၀ ကြား အမျိုးသမီး ၂ ယောက်ပါ။ ဒဏ်ရာရသူတွေလည်း ၅ ယောက်လောက်ရှိကြတယ်လို့ ကနဦးသိထားရပါသေးတယ်။ စစ်တပ်စစ်ကြောင်းရှိနေတော့ ကူညီ​ကယ်ဆယ်ရေးတွေသွားကြဖို့ လမ်းကြောင်းအဆင်မပြေသေးဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

အဲဒီဘုန်းကြီးကျောင်းကို နွားထိုးကြီးမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်းက မျက်ရှုရွာနားမှာရောက်နေတယ်။ နယ်မြေကြိုရှင်းတဲ့သဘောနဲ့ ဒရုန်းတွေသုံးပြီး စစ်ဘေးရှောင်တွေနေကြတဲ့ ဘုန်းကြီးကျောင်းပေါ်ကိုကြဲလို့ ပြည်သူတွေသေဆုံးကြတာပါ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ တိုက်ပွဲသတင်းတွေ မထုတ်ပြန်သေးတာပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပြီး ပြည်သူကိုသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကိုကျူးလွန်နေတာလို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြင်းခြံ-နွားထိုးကြီး-တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၀ နေ့မှာ စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်ဟာလည်း အဲဒီမြို့နယ်တွေမှာရှိတဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရကြသလို လူနေအိမ်တွေမီးလောင်ပျက်စီးနေရတယ်လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံဆီကနေ သိရပါတယ်။

Photo : နွားထိုးကြီးမြို့နယ် ပအဖ လူ့အခွင့်အရေးတာဝန်ခံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013