
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး ၄ လကြာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ မလုပ်ဆောင်နိုင်သေးကြောင့် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်နိုင်ဖို့သာ ကြိုးစားနေရတယ်လို့ ငလျင်ဒဏ်သင့်ဒေသက ပြည်သူတွေက ပြောပါတယ်။
မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်း ငလျင်ဟာ ဒီကနေ့ ဇူလိုင် ၂၈ ရက်ဆို ၄ လအတိ ရှိခဲ့ပြီဖြစ်ပေမဲ့ ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့အလျောက် ပြန်လည်ထူထောင်ရေးမှာလည်း အခုချိန်ထိ မပြီးစီးသေးဘဲ ကိုယ်ထူကိုယ်ထပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေရတာပါ။
အခုအချိန်အထိ မန္တလေးမြို့တွင်း ပြန်လည်ထူထောင်ရေးတွေ မပြီးစီးနိုင်သေးကြောင်းနဲ့ ဒေသခံတွေရဲ့စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေအကြောင်း မန္တလေးမြို့ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဒီနေ့အထိ မန္တလေးမြို့ထဲမှာရပ်ကွက်တွေထဲမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကျန်နေတာတွေ တော်တော် များများရှိပါသေးတယ်။ တချို့အဆောက်အဦတွေဆိုရင် ဖြိုထားတယ်။ ပျက်စီးသွား တာကိုတော့ ပြန်ရှင်းလင်းထားတယ်။ အသစ်ပြန်မဆောက်ရသေးရသေးဘူး။ တချို့ကျတော့လည်း အုတ်ပုံကြီး အတိုင်းပဲ ရှိသေးတယ်။ ဖယ်ကို မဖယ်ရသေးဘူး။ မရှင်းလင်းရသေးဘူးပေါ့။ နောက်ဆက်တွဲငလျင်တွေကတော့ လှုပ်နေတုန်းပဲ မနေ့က ညက ၁၂ နာရီ တမိနစ်မှာတောင် ခပ်ပြင်းပြင်းတချက်လှုပ်သွားသေးတယ်။ တချို့က ၃ ဒသမ၈ လို့ပြောတယ်၊ တချို့က ၄ ဒသမ ၇ လို့ပြောတယ်။ အဲဒီအတွက်စိုးရိမ်မှုဆိုရင်တော့ ကလေးတွေနဲ့ လူကြီးတွေအတွက်ကတော့ စိုးရိမ်မှု တွေရှိနေတုန်းပဲ။ တချို့ဆိုရင် ကြောက်ပြီး ဆင်းပြေးကြတာတို့ တချို့ဆို အခုထိလှုပ်နေတုန်းပဲ။ ပြင်းအားနည်းလာရမှာကို ဘာလို့ပြင်းပြင်းလာရတာလဲ၊ ထပ်ပြီးအကြီးကြီးတွေ လှုပ်ဦးမှာလား စသဖြင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်စိတ်တွေကတော့အများကြီး ကျန်နေသေးတယ်။”
နိုင်ငံတကာကနေ မြန်မာနိုင်ငံရဲ့ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီနိုင်ဖို့ လှူဒါန်းထားမှုက ငွေသားနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၈ ဒသမ ၆၉ သန်း ရှိပါတယ်။ ဒါပေမဲ့ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေကိုတော့ စစ်ကောင်စီက ထိရောက်တဲ့ ကူညီပေးမှုတွေနဲ့ ပြန်လည်ထူထောင်ဖို့ ပံ့ပို့ပေးတာတွေ မရှိကြောင်း လယ်ဝေးဒေသခံက ပြောပါတယ်။
“အခု ငလျင်အပြီး ၄ လ ကြာပေမဲ့ ကိုယ့်ရဲ့အိမ်အခြေအနေအရ ပျက်စီးမှုကိုကြည့်ရရင် အသစ်ပြန်ဆောက်ဖို့ မလွယ်ပါဘူး။ ပြုပြင်စရာတွေကို ပြန်ပြင်ပြီး နေရတာပါ။ အသစ် ပြန်ဆောက်ဖို့ဆိုရင် ငွေကြေးအခြေအနေက စကားပြောတယ်။ ကျမတို့ မတတ်နိုင်တာတွေလည်း ရှိပါတယ်။ အကုန်အကျများတယ်။ အစိုးရအာဏာပိုင် အကြောင်းမပြောချင်ဘူး။ ကျမတို့ဖာသာပဲ အဆင်ပြေအောင် ပေါင်နှံပြီး ပြင်ရတာပေါ့။”
ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူ ၂၀၆,၉၇၇ ယောက်ရှိပြီး ယာယီခိုလှုံသူ ၄၁,၇၃၃ ယောက်က ခိုလှုံရေးစခန်း ၁၇၅ ခုမှာ နေထိုင်နေရပါတယ်။
ငလျင်ကြောင့် နေအိမ်ပေါင်း ၅၅,၅၈၇ လုံး ပျက်စီးခဲ့ပြီး လမ်းတံတား ဘာသာရေးနဲ့ အစိုးရအဆောက်အအုံတွေ ပျက်စီးခဲ့ကာ ငွေကြေးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံလောက်ရှိတယ်လို့ DVB က ကောက်ယူ ထားတဲ့စာရင်းတွေ အရသိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဝါဒဖြန့်ထုတ်ပြန် နေပေမဲ့ မြေပြင်မှာတော့ ဒေသခံတွေဆီ အကူအညီအထောက်အပံ့တွေ မရရှိကြောင်းလည်း စုံစမ်းသိရပါတယ်၊
တော်လှန်ရေးထောက်ပို့တယောက်က “လုပ်ငန်းအသေးလေးတွေနဲ့ တချို့ လုပ်ငန်းပျောက်သွားတဲ့ အလုပ်သမားတွေကတော့ အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထူထောင်ရေးလုပ်ဖို့တောင် ရုန်းကန်နေရတုန်းပဲ။ သူတို့ကိုယ်သူတို့ အစိုးရလို့ တာဝန်ခံထားတဲ့ စစ်ကောင်စီအပေါ်မှာတော့ တာဝန်ရှိတာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သူတို့ကတော့ ဘာမှ တာဝန်ယူမှု တာဝန်ခံမှု လုံးလုံးမရှိဘူး။ ကိုယ်ရွေးချယ်တင်မြှောက်ထားတဲ့ပြည်သူ့အစိုးရဆိုရင်တော့ ဒီထက်ပိုပြီးတော့ အများကြီး အဆင်ပြေမယ်။ အများကြီး သက်သာမယ်။ အများကြီးပိုပြီးတော့ ပြန်လည် ထူထောင်ရေး မြန်ဆန်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ယူနီဆက်မြန်မာရဲ့ အစီရင်ခံစာအရ ငလျင်ဒဏ်သင့်အိမ်ထောင်စုပေါင်း ၅ သိန်းနီးပါးဟာ ပြန်လည်ထူထောင်ဖို့အတွက် ဝင်ငွေမရှိကြောင်းနဲ့ ဒါက အိမ်ထောင်စု ၃ စုမှာ တစုက ပြန်လည်ထူထောင်နိုင်ဖို့ ဝင်ငွေမရှိ တာလည်းဖြစ်ပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးအလွန် ၄ လပြည့်တဲ့နေ့အထိ ငလျင်ငယ်ပေါင်း ၂၁၄ ကြိမ်လှုပ်ခတ်ထားပါတယ်။
ငလျင်ဘေးကြောင့် နိုင်ငံတဝန်း သေဆုံးသူပေါင်း ၄, ၅၂၁ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူကတော့ ၁၁, ၃၆၆ ယောက်ရှိတယ်လို့ သိရပါတယ်။
ဝေဝေ