စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တချို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရပြီး ဆေးဝါးမလုံလောက်မှုကို ကြုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရှားတော၊ နတ်ချောင်း၊ နတ်မြောင်းနဲ့ မှန်တော စတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ ၁၀,၀၀၀ ကျော်ဟာ အခုနှစ် ဧပြီလကစပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အထဲက ကလေးငယ်တွေနဲ့ အသက်အရွယ် ကြီးသူတချို့ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားနေရတာလို့ ကူညီနေသူတယောက်က ပြောပါတယ်။
“လောလောဆယ်တော့ ဝမ်းရောဂါ ဖြစ်နေတဲ့သူ ရာနဲ့ချီရှိတယ်။ အဓိကကတော့ ဝမ်းပျက်ရာမှာ သုံးတဲ့ ဓာတ်ဆားတို့ ဆေးတို့က တော်တော်ပြတ်နေတာ။ အဲဒါတွေ လိုအပ်တယ်။ သန့်ရှင်းတဲ့ ရေသန့်လိုတွေရောပေါ့နော်။ အခုက ဆေးမရှိတော့ ရိုးရာဆေးမြီးတိုတွေကိုပဲ ကျိုချက်ပြီးတော့ ကုသနေရတယ်။ နှစ်တိုင်း ဒီပြဿနာကို ကြုံရတယ်။”
စစ်ဘေးဒုက္ခသည်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြုံတွေ့နေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အများစုဟာ ပုံမှန်ဝင်ငွေ မရှိဘဲ ရပ်တည်နေရတာကြောင့် စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ကူညီနေသူတွေက ဆိုကြပါတယ်။