Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များအတွက် ဖြူဖြူကျော်သိန်းက ငွေကျပ် သိန်း ၁,၀၀၀ ကျော် လှူဒါန်း
DVB
·
July 18, 2025
Photo: ဖြူဖြူကျော်သိန်း

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်တွေအတွက် နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက ကျပ်ငွေ သိန်း ၁,၀၀၀ ကျော်ကို ရက္ခိုင့်တပ်တော် (ULA/AA)  ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းရေးရုံး (HDCO) ထံ လှူဒါန်းခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ မဲလ်ဘုန်းမြို့တွေမှာ ကျင်းပတဲ့ ဂီတဖြေဖျော်ပွဲက ရရှိလာတဲ့ လူသားချင်းစာနာထောက်ပို့ ရန်ပုံငွေ ဩစတြေးလျဒေါ်လာ ၃၅,၀၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁၀၀,၁၀၀,၀၀၀ ကို အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In Australia Tour ကနေ့တဆင့် HDCO ထံ ဆက်သွယ်လှူဒါန်းခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ စစ်ရှောင်တွေအပေါ် လှူဒါန်းမှုကို “Phyu Phyu In Australia Tour ရဲ့ လူသားအချင်းချင်း စာနာထားရှိသော မေတ္တာတရားအား ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်” လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ၃ ထွန်းမင်းနိုင်က လက်မှတ်ထိုး ဂုဏ်ပြုလွှာပေးပို့ခဲ့ ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၂ နှစ်နီးပါးအတွင်း နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၀၀,၀၀၀ နီးပါးအထိ ရှိလာနေပြီး စားဝတ်နေရေး ကျပ်တည်းမှုဒဏ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခုလို ထောက်ပံ့နိုင်ဖို့အတွက် အဘက်ဘက်က ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့သူတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“Phyu Phyu in Sydney နဲ့ Phyu Phyu in Melbourne ၂ ပွဲပေါင်းကနေ သိန်း ၅,၀၀၀ ကျော် ထောက်ပို့ပေးနိုင်ခဲ့ပါတယ်။ အဘက်ဘက်က ငွေအား၊ လူအား၊ အချိန်အား၊ မေတ္တာအားနဲ့ ပါဝင်ပံ့ပိုးပေးခဲ့ကြသူတွေရယ်၊ ရွှေပွဲလာ ချစ်ပရိသတ်တွေရယ် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောထားပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းဟာ စစ်ကောင်စီ အာဏာသိမ်းကတည်းက ပြည်သူနဲ့အတူ ရပ်တည်ခဲ့ပြီး သူ့ရဲ့ တေးဂီတပွဲတွေကနေ ရရှိတဲ့ ရန်ပုံငွေတွေကို စစ်ရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013