Home
မြန်မာသတင်း
ပေါက်မြို့နယ်က စစ်ရှောင် ၂၀,၀၀၀ ခန့် အရေးပေါ်အကူအညီလိုအပ်
DVB
·
June 17, 2025
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)
Photo: လူသားစာနာဌာန (ပေါက်-ပအဖ)

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်​ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် နေစရာ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာဌာန တာဝန်ခံက “ပခုက္ကူ တပ်မ ၁၀၁ က စစ်(--) ကား ၆ စီးနဲ့ အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပေါက်မြို့နယ်ထဲ ရောက်လာပြီးတော့ ပခုက္ကူ-ပေါက် လမ်းဘေးတလျှောက်က ရွာ ၃၀ နီးပါးကို စစ်ကြောင်းထိုးလို့ အဲဒီကျေးရွာတွေက ပြည်သူ ၂၀,၀၀၀ နီးပါး ဘေးလွတ်ရာ နေရာတွေမှာ စစ်ဘေးရှောင်နေကြတာ လဝက်ကျော်လာပြီ။ သူတို့တွေ စစ်ဘေးရှောင်ရတဲ့ ရက်ရှည်လာတာနဲ့ အမျှ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ နေ့တိုင်းလောက်နီးပါး မိုးရွာသွန်းနေလို့လည်း အမိုးအကာတွေ အရေးပေါ်လိုအပ်နေတာပါ” လို့ ပြောပါတယ်။

မေ ၂၉ ရက်ကစလို့ ပေါက်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်နေကြရတဲ့ အိမ်ထောင်စုပေါင်း ၁,၇၀၀ နီးပါးရှိနေပါပြီ။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၅ ရက်အထိ ပေါက်မြို့အရှေ့ဘက်က နတ်ဥယျာဥ်ကျေးရွာမှာ တပ်စွဲနေသေးတဲ့အတွက် စစ်ဘေးရှောင်တွေဟာ နေရပ်တွေကို မပြန်နိုင်ကြသေးဘူးလို့လည်း ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ မြေပြင်တာဝန်ခံ ကိုဘဦးက “ပခုက္ကူ-ပေါက် လမ်းဘေးတလျှောက်က ဖိုးဖြူးလုံးကန်၊ အိုင့်ကိုင်း၊ ဝတ၊ သပအ၊ ဝခ၊ ဇတ၊ ပလောင်းနဲ့ အဲဒီရွာနီးချုပ်စပ်ကပြည်သူတွေ စစ်ဘေးရှောင်နေကြတာပါ။ စစ်ဘေးရှောင်ရတဲ့ ရွာတွေက ၂၅ နဲ့ ၃၀ ကြားရှိတယ်။ (---)စစ်ကြောင်းလည်း အဲဒီရွာတွေဝန်းကျင်မှာ တပ်ဖြန့်ထားပြီးတော့ ရွာတွေထဲက အိမ်တွေကနေ သူတို့လိုချင်တဲ့ပစ္စည်းတွေ ခိုးတယ်။ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တာတွေကလည်း နေ့တိုင်းလောက်ရှိနေတော့ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရဲကြဘဲ ရက်ရှည်နေကြရတာ” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့်လည်း ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ကမ္မမြို့အပြင် ရေမျက်၊ ညောင်ပင်လှ၊ ညောင်ဂျစ်ပင်၊ ပြည့်အိုင်၊ ရွှေလှံကျေးရွာတွေအပြင် အနီးဝန်းကျင် ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေဟာလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာအများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လူနေအိမ်တွေကိုလည်း ဖျက်ဆီးသလို စစ်ဘေးရှောင် စခန်းတွေကို ဝင်ရောက်ပြီးလည်း ရဟန်းသံဃာတွေ အပါအဝင် စစ်ဘေးရှောင် ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ သတ်ဖြတ်ခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013