
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်တွေဆီကနေ ငွေသိန်းချီ အဓမ္မတောင်းယူနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက အောင်ဆန်းရပ်ကွက် အပါအဝင် ရေကြည်မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အပြင်နေရာတွေမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်တွေဆီကနေ တလနေထိုင်ခွင့်အတွက် ကျပ်တသိန်း တောင်းယူနေတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင် မိသားစုဝင်တယောက်က “အတင်းအဓမ္မကို တောင်းနေတာ။ စစ်ရှောင်တွေ ဘယ်မှာရောက်နေတယ် ဆိုတာကို အုပ်ချုပ်ရေးမှူးတွေက တပ်ကို သတင်းပေးပြီး တအိမ်ထောင်ကို တလ နေထိုင်ခွင့်အတွက် တောင်းယူနေတာ။ မပေးရင် အနေမခံဘူး။ လက်ခံထားတဲ့ အိမ်ကိုပါ ချိပ်ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်နေတာ” လို့ ပြောပါတယ်။
အဲဒီစစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရောက်ရှိနေတာဖြစ်ပြီး စစ်ကောင်စီတပ်က တောင်းတဲ့ငွေ ပေးနိုင်တဲ့သူ ရှိသလို မပေးနိုင်သူတွေကို နေထိုင်ခွင့်အတွက် တာဝန်မယူကြောင်း ပြောဆိုနှင်ထုတ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က “ပိုက်ဆံမပေးရင် နေခွင့်ကိုမပေးတာ။ မပေးရင် နှင်ထုတ်တယ်။ စားဖို့တောင် မနည်းလုပ်နေရလေ။ အခု သူတို့က ဓားပြတိုက်သလို ငွေတောင်းနေတော့ စစ်ရှောင်တွေအဖို့ တော်တော်ဒုက္ခရောက်နေတာပါ ”လို့ ပြောပါတယ်။
လတ်တလော ရေကြည်မြို့ပေါ်က အောင်ဆန်းရပ်ကွက် အပါအဝင် မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးရှောင်ထောင်ချီ ရောက်နေသလို ငွေကြေးကောက်ယူတာနဲ့ ဧည့်စာရင်း တင်းကျပ်တာကြောင့် တိုက်ပွဲရှိတဲ့နေရပ် ပြန်နေရတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။