Home
မြန်မာသတင်း
ထိုင်းနိုင်ငံရောက် စစ်ရှောင်ပြည်သူ ၄၀၀ ကျော် နေရပ်ပြန်
DVB
·
May 17, 2025

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ မောကဝီးလေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေ ၁၆ ရက် မနက် ၆ နာရီလောက်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ ထိုင်းဘက်စစ်ရှောင် ၅၀၀ ကျော် ကိုယ့်ဆန္ဒအရ  နေရပ်ပြန်လိုတာကြောင့် ထိုင်းတာဝန်ရှိသူတွေက မေ ၁၇ ရက် မနက်မှာ စက်လှေတွေနဲ့ နေရပ်ပြန်ခွင့်ပြုလိုက်ပါတယ်။

အဆိုပါ စစ်ရှောင်ပြည်သူ ၅၀၁ ကျော်ကို မြန်မာ-ထိုင်းနယ်စပ် ၅ မြို့နယ် ဒေသကွပ်ကဲရေးဗျူဟာမှူးနဲ့ တာဝန်ရှိသူတွေက  သောင်ရင်းမြစ်ကမ်းစပ်အထိ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်နဲ့ ကိုက် ၇၀ သာသာလောက်သာ ဝေးတဲ့နေရာမှာရှိတဲ့ မောကဝီးလေး စစ်ကောင်စီတပ်စခန်းမှာ ခလရ ၂၄ က စခန်းထိုင်နေတာဖြစ်ပြီး KNLA ပူးပေါင်းတပ်တွေက မေ ၁၅ ရက်မှာ စနိုက်ပါတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တဲ့အတွက် စခန်းတွင်းကနေ စစ်ကောင်စီတပ်သားတွေနဲ့ အရာရှိတွေ ဆုတ်ခွာထွက်ပြေးသွားကြတာကြောင့် လက်နက်ခဲယမ်းတွေလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီဘက်က စခန်းမကျရေးအတွက် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄၀၀ ကျော် အသက်အန္တရာယ် လွတ်မြောက်ရေးအတွက် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013