
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင် ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ အမျိုးသမီး ၂၁ ယောက်အပါအဝင် စစ်ဘေးရှောင် ၁၀၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက “PDF တွေ၊ ထောက်ပို့တွေလို့ စွပ်စွဲပြီး ဖမ်းခံရတာ များတယ်။ လတ်တလော တိုက်ပွဲဖြစ်နေတဲ့ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်က အပါအဝင် ဧရာဝတီတိုင်းနဲ့ ရခိုင်ဘက်ကနေ စစ်ရှောင်လာရင်း အဖမ်းခံရတာများတယ်။ စာရင်းလက်လှမ်းမမီဘဲ အဖမ်းခံရတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ရဲတွေနဲ့ စစ်ကောင်စီတပ်က တရာလိုလုပ်ပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်အရေးယူ ထားတာရှိသလို ဘယ်ပုဒ်မနဲ့မှအရေးယူခြင်းမရှိသေးဘဲ ဖမ်းဆီးခံထားရဆဲသူတွေလည်း ရှိတယ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တွေဆီက သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေကို ၅၀၅ (က)၊ ၅၀၅ (ခ) ဥပဒေပုဒ်မတွေ အပါအဝင် ပုဒ်မ အမျိုးမျိုးတပ် အမှုဖွင့်ထားတာလည်း ရှိတယ်။ လုံးဝအမှုမဖွင့်ရသေးသူတွေ လည်း ရှိတယ်။ ပြီးခဲ့တဲ့ တလအတွင်း ရေကြည်ဘက်ကနေ အများဆုံး အဖမ်းခံခဲ့ရတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တလအတွင်း စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တဲ့ စစ်ဘေးရှာင် ၁၀၉ ယောက်ဟာ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ပုသိမ်စတဲ့ မြို့နယ်တွေကနေ အများဆုံးဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။