
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတော်တော်များများနဲ့ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေးမြို့နယ်တွေမှာ ဘိန်းစာရွက် အပါအဝင် မူးယစ်ဆေးဝါး ရောင်းချခွင့်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က လိုင်းကြေးယူ ရောင်းချခွင့် ပေးထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီ လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းကာ ရွာတွင်းရှိ မူးယစ်ဆေး ရောင်းချနေသူတွေထံက လိုင်းကြေးငွေရယူကာ တရားဝင် ရောင်းချခွင့်ပြုထားပြီး သုံးစွဲသူ လူငယ်တွေကိုတော့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မုဒုံမြို့ခံတဦးက DVB ကို ပြောပါတယ်။
“အာဏာသိမ်းပြီးထဲက လုပ်နေကြတာ။ သူတို့ကို လိုင်းကြေးမပေးထားတဲ့အိမ်က မရှိသလောက်ဘဲ။ ဆေးရောင်းနေတဲ့အိမ်တွေက တအိမ်ကို တလ သိန်း ၁၀၀ မုဒုံရဲစခန်းကို ပေးရသလို ကျေးရွာအုပ်ချုပ်ရေးမှူးကို တလ ၁၀ သိန်း လိုင်းကြေးပေးပြီး ရောင်းနေကြတာ။ ဟိုတလောကလည်း ရဲက အိမ်တအိမ်မှာ လိုင်းကြေးလာကောက်ရင်း သုံးစွဲနေတဲ့ လူငယ်တွေကို တွေ့ပြီး ဖမ်းသွားသေးတယ်။”
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မုဒုံမြို့နယ်အတွင်းရှိ ကလော့သော့၊ ကော့ပီထော်နဲ့ တောင်ပကျေးရွာက လူငယ် ၁၀ ယောက်ကျော်ကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ မုဒုံမြို့မရဲစခန်းက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ မုဒုံမြို့နယ်ထဲမှာ မူးယစ်ဆေးဝါး ရောင်းချတာ လောင်းကစားဝိုင်း ဖွင့်လှစ်တာအပြင် ချဲဒိုင်ကိုင်သူတွေက စစ်ကောင်စီရဲနဲ့ လုံခြုံရေးအဖွဲ့တွေကို ပူးပေါင်းပြီး တရားမဝင်လုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှုစစ်တမ်း “စိုက်ပျိုးမှု ထုတ်လုပ်မှုနဲ့ အကျိုးအဆက်များ” အစီရင်ခံစာ၏ ဖော်ပြချက်တွေအရ အရင်က ကျဆင်းနေတဲ့ ဘိန်းစိုက်ပျိုးမှုဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ၃၃ ရာခိုင်နှုန်းအထိ ပြန်လည် မြင့်မားလာတယ်လို့ ထုတ်ပြန်ထားပါတယ်။