
ယူကရိန်း ဖိုက်တာဂျက်လေယာဉ် ၁ စင်းကိုပစ်ချခဲ့ပြီး ဒရုန်းပေါင်းရာချီကိုလည်း ပစ်ချခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
ရုရှားရဲ့ ထောက်ပို့ပင်မနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကကြေညာထားချိန်မှာ ရုရှားက အခုလို ပြောဆိုခဲ့တာပါ။
၂၄ နာရီအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ အလုပ်ရုံတွေ၊ ဒရုန်းထိန်းချုပ်ရာနေရာတွေနဲ့ ၁၄၂ နေရာမှာ ယာယီတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာပါ။
ရုရှားလေကြောင်း ကာကွယ်ရေးက ယူကရိန်းရဲ့ Su27 ဖိုက်တာဂျက်လေယာဉ် ၁ စင်းကို ပစ်ချခဲ့ကြောင်းနဲ့ ဒရုန်း ၄၅၇ စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။
ရုရှားတပ်တွေဟာ ဒိုနတ်မှာရှိတဲ့နေရာတခုကိုလည်း ထိန်းချုပ်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှားရှိ ထောက်ပို့အဓိကနေရာ ၁ ခုကို တာဝေးသုံး ဒရုံးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာဟာ ယူကရိန်းကနေ ကီလိုမီတာ ၁၃၀၀ အကွာမှာရှိတယ်လို့လည်း ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ တခြားပစ္စည်းတွေ သိုလှောင်ထားတဲ့နေရာလို့ သိရပါတယ်။
ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားဆာရာတော့ဗ်မှာရှိတဲ့စက်ရုံမှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့တယ်လို့ ရုပ်သံတွေ ထွက်ပေါ်ခဲ့ပြီး ဒေသခံမြို့တော်ဝန်ကလည်း ယူကရိန်းတိုက်ခိုက်မှုလို့ အတည်ပြုထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ လူ ၁ ဦး သေဆုံးပြီး စက်ရုံပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ တယ်လီဂရမ်ချန်နယ်မှာ မြို့တော်ဝန်က ပို့စ်တင်ထားတာဖြစ်ပါတယ်။
Source: Reuters