
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဆက်ဖြစ်နိုင်ခြေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး သြဂုတ် ၆ ရက် နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံကနေ ပြန်လာတဲ့ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ စကားပြောထားပြီးပြီလို့လည်း ရူဘီအိုက ပြောခဲ့ပြီး တနေ့တာလုံး ထပ်ပြီး ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။
“ဒီနေ့နောက်ပိုင်းမှာ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ထပ်ပြောစရာရှိမယ်” လို့ ရူဘီအိုက ဆက်ပြောပါတယ်။
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ အခုသီတင်းပတ်နှောင်းပိုင်းမှာ အသက်ဝင်လာမလားလို့ မေးမြန်းရာမှာ မကြာမီ ကြေညာချက်တချို့ ထွက်ပေါ်လာနိုင်တယ်လို့ ရူဘီအိုက ပြောပါတယ်။
အပြုသဘောဖြစ်ရင်လည်း ဖြစ်မယ်၊ မဖြစ်ရင်လည်း မဖြစ်ဘူးလို့ သူကဆိုပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေးသဘောတူဖို့ ဒါမှမဟုတ် ပိတ်ဆို့မှုအသစ်တွေကို ရင်ဆိုင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတ်မှတ်ထားတဲ့ နောက်ဆုံးရက် မကုန်ဆုံးခင် နှစ်ရက်အလိုမှာ အမေရိကန် အထူးသံတမန် ဝစ်ကော့ဖ်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံရင်း အသုံးဝင်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ရုရှားက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source: Reuters