Home
နိုင်ငံတကာ
ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ဆိုချီ ရေနံသိုလှောင်ရုံ မီးလောင်ဟု ရုရှားထုတ်ပြန်
DVB
·
August 4, 2025
Photo: Social Media

ယူကရိန်းရဲ့ ညပိုင်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဲ့ ပင်လယ်နက်အပန်းဖြေစခန်း ဆိုချီမြို့အနီးက ဧရာမ ရေနံသိုလှောင်ဖြန့်ဖြူးရေးစခန်း မီးလောင်ခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃ ရက်က ဒရုန်းအပျက်အစီးတွေ ဆီကန်တခုပေါ် ကျရောက်ကာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး  မီးသတ်သမား ၁၂၇ ယောက်က ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ကရပ်စ်နိုဒါဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တချိန်တည်းမှာပဲ ရုရှားက ယူကရိန်းတောင်ပိုင်း ခါဆန်မြို့က အဓိကကျတဲ့ တံတားတစင်းအပေါ် ထပ်မံဗုံးကြဲခဲ့လို့ လူတယောက် သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အနားက မီကိုလေ့ဗ်မြို့မှာလည်း လူ ၇ ယောက် ဒဏ်ရာရပြီး အိမ်တချို့ ပျက်စီးခဲ့ပါတယ်။

စနေနေ့က ခါဆန်နဲ့ ဒွန်ညက်စ်ဒေသတွေကို ရုရှားက တိုက်ခိုက်ခဲ့လို့ လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။

ရုရှားအလယ်ပိုင်းက ရီယာဇန်၊ ပန်ဇာမြို့တွေနဲ့ နှစ်နိုင်ငံနယ်စပ်နားက ဗိုရိုညက်ရှ်မြို့က စက်ရုံတွေကို ယူကရိန်းက ပစ်မှတ်ထားခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။

စစ်ပွဲတလျှောက်လုံး ယူကရိန်းရဲ့ စွမ်းအင်ကွန်ရက်ကို ရုရှားက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ တညလုံးမှာ ယူကရိန်းဒရုန်း ၉၃ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အဲဒီထဲက အစင်း ၆၀ ဟာ ပင်လယ်နက်ဒေသမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဘက်ကတော့ တညလုံးမှာ ဒရုန်း ၈၃ စင်းနဲ့ ဒုံးကျည် ၇ စင်း ပစ်လွှတ်ခဲ့ပြီး အဲဒီထဲက ၆၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။

ဒရုန်း ၁၆ စင်းနဲ့ ဒုံးကျည် ၆ စင်းကတော့ နေရာ ၈ ခုကို ထိမှန်ခဲ့တယ်လို့ အတည်ပြုပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲကို ဩဂုတ် ၈ ရက် နောက်ဆုံးထား အဆုံးမသတ်ဘူးဆိုရင် ရေနံနဲ့ တခြားပို့ကုန်တွေကို ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ အခွန်စည်းကြပ်မှုတွေနဲ့ အခြားအရေးယူမှုတွေ လုပ်ဆောင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013