Home
နိုင်ငံတကာ
ရုရှား ကရာရှန်နင်နီကော့ဗ် မီးတောင် အနှစ် ၆၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ 
DVB
·
August 4, 2025
Photo: Kronotsky Nature Reserve/Telegram

ကမ်ချတ်ကာကျွန်းဆွယ်မှာရှိတဲ့ ကရာရှန်နင်နီကော့ဗ် မီးတောင်ဟာ အနှစ် ၆၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဩဂုတ် ၃ ရက်က ပေါက်ကွဲခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့အပတ်က ရုရှားအရှေ့ဖျားမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၈ ဒသမ ၈  ငလျင်ကြီးနဲ့ ဆက်စပ်နိုင်တယ်လို့ ရုရှားနိုင်ငံပိုင် RIA သတင်းဌာနနဲ့ သိပ္ပံပညာရှင်တွေက ထုတ်ပြန်ပါတယ်။

ဒီပေါက်ကွဲမှုကို အနီးအနားက တခြားမီးတောင်တခုဖြစ်တဲ့ ကလုချယ်စကာယာ ဆော့ပ်ကာ မီးတောင်ကို သွားရောက်လေ့လာပြီး ပြန်လာတဲ့ Snow Valley ဧည့်လမ်းညွှန် ကုမ္ပဏီအဖွဲ့သားတွေက ရဟတ်ယာဉ်ပေါ်ကနေ ဗီဒီယိုရိုက်ကူးနိုင်ခဲ့တာပါ။

ဒီမီးတောင်ရဲ့ နောက်ဆုံးချော်ရည်စီးထွက်မှုဟာ ၁၄၆၃ ခုနှစ်ကနေ အတိုးအလျှော့ အနှစ် ၄၀ အတွင်း (ဆိုလိုတာက ခန့်မှန်းခြေ ၁၄၂၃ ကနေ ၁၅၀၃ ခုနှစ်လောက်အတွင်း)  ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပေါက်ကွဲမှုမှတ်တမ်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် တချို့ သတင်းဌာနတွေက အနှစ် ၅၀၀ ကျော်အတွင်းလို့ ရေးပြီးတော့ တချို့တွေက အနှစ် ၆၀၀ အတွင်းလို့ ဖော်ပြမှုကွဲလွဲတာ ဖြစ်ပါတယ်။

အဲဒီငလျင်ကြောင့် ကမ်ချတ်ကာကျွန်းဆွယ်ပေါ်က အလှုပ်ရှားဆုံးမီးတောင်ဖြစ်တဲ့ ကလုချယ်စကွိုင်း မီးတောင်လည်း ပေါက်ကွဲခဲ့ပါသေးတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ပြာမှုန်တွေဟာ မီတာ ၆,၀၀၀ (၃ ဒသမ ၇ မိုင်) အမြင့်အထိ တက်သွားခဲ့တယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနရဲ့ ကမ်ချတ်ကာဌာနခွဲက မှတ်တမ်းတင်ခဲ့ပါတယ်။

မီးတောင်အမြင့်ကတော့ ၁,၈၅၆ မီတာ ရှိပါတယ်။ ပြာတိမ်တိုက်ဟာ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာဘက်ကို ရွေ့လျားသွားပြီး လမ်းကြောင်းတလျှောက်မှာ လူနေထိုင်တဲ့ နေရာတွေ မရှိဘူးလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013