
မြောက်ကိုရီးယားနဲ့ နယ်စပ်တလျှောက်က စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားဖို့ သဘောတူညီချက်ကို တောင်ကိုရီးယားက ပြန်လည်လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း သမ္မတ အီဂျယ်မြောင်က ဩဂုတ် ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
သမ္မတ အီဂျယ်မြောင်ဟာ ဂျပန် ကိုလိုနီနယ်ချဲ့ လက်အောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပြီး သူ့အစိုးရဟာ လုပ်ထုံးလုပ်နည်းအရ စစ်ပွဲဖြစ်နေတဲ့သဘော သက်ရောက်တဲ့ အိမ်နီးချင်း ၂ နိုင်ငံအကြားက ဆက်ဆံရေးကို တိုးတက်စေဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
သမ္မတ အီဂျယ်မြောင်က “ကျွန်ုပ်တို့ဟာ မြောက်ကိုရီးယားရဲ့ လက်ရှိစနစ်ကို လေးစားကြောင်း အတည်ပြုထားပြီး မြောက်ကိုရီးယားကို တောင်ကိုရီးယားစနစ်အောက် တိုက်ရိုက်ထည့်သွင်းလိုက်တာမျိုး လုပ်ဆောင်မှာ မဟုတ်ကြောင်း ကြေညာလိုက်ပြီး ရန်လိုတဲ့လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်မရှိကြောင်း အခိုင်အမာ ပြောကြားလိုက်တယ်” လို့ ပြောသွားပါတယ်။
အထူးသဖြင့် တောင်နဲ့ မြောက်ကိုရီးယားကြား မတော်တဆ တိုက်ပွဲတွေကို တားဆီးဖို့နဲ့ စစ်ရေးယုံကြည်မှု တည်ဆောက်ဖို့အတွက် စက်တင်ဘာ ၁၉ ဘက်ပေါင်းစုံ စစ်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း အပြုသဘောဆောင်ပြီး တဖြည်းဖြည်း ပြန်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။
မြောက်ကိုရီးယားဘက်က ယုံကြည်မှု ပြန်လည်ထူထောင်ခြင်းနဲ့ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်နိုင်စေဖို့ ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းမှုတွေကို တုံ့ပြန်ဖို့ မျှော်လင့်ကြောင်းလည်း တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ပြောသွားပါတယ်။
၂၀၁၈ ခုနှစ်က ကိုရီးယား ၂ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီသဘောတူစာချုပ်ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအကြား နယ်စပ်တလျှောက် တင်းမာမှုကို လျှော့ချဖို့ ရည်ရွယ်ထားတာပါ။
တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဆိုးလ်က သဘောတူညီချက်ရဲ့ တချို့အစိတ်အပိုင်းတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။
အဲဒီနောက်မှာ ပြုံယမ်းက သဘောတူစာချုပ်ကို ဖျက်သိမ်းပစ်လိုက်ပြီးတော့ စစ်ရေးအစီအမံ အားလုံးကို ပြန်လည်လုပ်ဆောင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဇွန်လရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက သမ္မတ အီဂျယ်မြောင်ဟာ နယ်စပ်တလွှား တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလအပြီး ပြုံယမ်းနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းခဲ့ပြီး ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ အဆင်သင့်ရှိကြောင်း ပြသခဲ့ပါတယ်။
Source: Reuters