Home
မြန်မာသတင်း
စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်သူများကို အရေးယူမည်ဟု PDF မြိတ်ခရိုင်တပ်ရင်း ၃ ထုတ်ပြန်
DVB
·
August 20, 2025

စစ်ကောင်စီက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာ တုံ့ပြန်အရေးယူမယ်လို့ PDF မြိတ်ခရိုင် တပ်ရင်း ၃ က သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ပြီး ရွေးကောက်ပွဲကို တရားဝင်ဖြစ်အောင် အတင်းအဓမ္မ ဆောင်ရွက်နေတာကို စစ်အုပ်စု အလိုကျအတိုင်း မဖြစ်ပေါ်ရအောင် PDF မြိတ်ခရိုင် တပ်ရင်း ၃ အနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

PDF မြိတ်ခရိုင် တပ်ရင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ခံက “တနင်္သာရီမြို့မှာ ကျေးရွာနေလူတချို့ကို ခေါ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဟောပြောတာတွေ၊ စာရင်းကောက်ခိုင်းတာတွေ လုပ်နေတယ်လို့ သိထားရတယ်။ စစ်တပ်နဲ့ အုပ်ကြီးတွေ ဦးဆောင်ပြီးလုပ်တာပါ။ လွတ်မြောက်နယ်မြေမှာလည်း သူတို့လူတချို့ကနေတဆင့် စည်းရုံးခိုင်းနေတာတွေရှိတယ်။ စာရင်းတချို့လည်းရထားတော့ ဒါကြောင့် သတိပေးထုတ်ပြန်ချက်ထုတ်ရတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တနင်္သာရီမြို့နယ်ထဲက ဘန်လော၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ကျွဲထိန်းကုန်း၊ သကျက်၊ ထုံးတော်၊ ကျွဲထိန်းကွင်း၊ ညောင်ပင်ကွင်းအရှေ့/အနောက်၊ ပျို့အိုင်၊ ထုံမခါ၊ သဘောလိပ် စတဲ့ရွာတွေမှာ လူဦးရေ အိမ်ထောင်စုစာရင်းကို စက်တင်ဘာလ တတိယအပတ်နောက်ဆုံးထားပြီး ကောက်ခံကာ စာရင်းပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။

PDF စိုးမိုးနယ်မြေမှာရှိတဲ့ ဒေသခံတယောက်က “စစ်တပ်က နိုင်ငံတကာကို ပြည်သူလူထုရဲ့ ထောက်ခံမှုဘယ်လောက်ရှိလဲဆိုတာ ချပြချင်တာ။ စစ်တပ်က ရွေးကောက်ပွဲကို သူတို့နယ်မြေမှာ ကြိုက်သလို လုပ်လို့ရနေတာ။ တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေတွေမှာ လုပ်လို့မရပေမဲ့ စစ်တပ်က လိုသလိုလုပ်ပြီး ချပြမှာပဲ။ တော်လှန်ရေးဘက်ကလည်း စစ်အုပ်စု ရွေးကောက်ပွဲလုပ်ရင် သူတို့တတ်နိုင်သလောက်တော့  လုပ်လို့မရအောင် တိုက်ခိုက်ကြလိမ့်မယ်။ ကျမအနေနဲ့လည်း စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း အယုံကြည်မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပူးပေါင်းပါဝင်ဖို့ စည်းရုံးသူ မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ တုံ့ပြန်အရေးယူဆောင်ရွက်သွားမယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013