
နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေအပါအဝင် မြန်မာပြည်သူလူထုတရပ်လုံးအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာမရှိဘဲ လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြဖို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီကနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ကူညီတာ၊ အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာသတ်ဖြတ်တာတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ အားပေးရာရောက်ပြီး စစ်ရာဇဝတ်မှုတွေမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်နေသူတွေအဖြစ် သတ်မှတ်ခံရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရား စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့ ပြုလုပ်နေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်နဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားဝင်မှုကို ဖျက်သိမ်းဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်အနေနဲ့ တရားဝင်အစိုးရ မဟုတ်တဲ့အတွက် ဘယ်ရွေးကောက်ပွဲကိုမှ ပြုလုပ် ကျင်းပပိုင်ခွင့်မရှိဘူးလို့လည်း ICNCC က ဆိုထားပါတယ်။
ဒါ့အပြင် ဒီအတုအယောင် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ့်အစား ပဋိပက္ခတွေကို ပိုမိုနက်ရှိင်းစေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ကေခိုင်