
မြန်မာနိုင်ငံမှာ ကလေးတွေကို ညှဉ်းပန်းနှိပ်စက်တာ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေ ပိုများလာတယ်ဆိုတဲ့ အထောက်အထားတွေ ပေါ်ထွက်လာနေပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့စစ်အုပ်စုကို ပုံစံသစ် ပြောင်းလဲနေပြီး သူတို့ ထိန်းချုပ်နိုင်တဲ့ နေရာအချို့မှာပဲ ရွေးကောက်ပွဲ လုပ်ဖို့ စီစဉ်နေပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက သတ်မှတ်ထားတဲ့ ၄ နှစ်တာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး နိုင်ငံကို အစိုးရအသွင်ဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တဖွဲ့နဲ့ အစားထိုးလိုက်ပါတယ်။
ဒါပေမဲ့ ဒါဟာ အပေါ်ယံ ပြောင်းလဲမှုတခုသာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါဟာ ဒီမိုကရေစီအသွင် ဟန်ဆောင်ပြီး အာဏာကို ဆက်လက်ထိန်းထားဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မြန်မာစစ်တပ်က ဒီလိုလုပ်ခဲ့တာဟာ အခုမှ မဟုတ်တော့ပါဘူး။ သမိုင်းကြောင်းနဲ့ချီပြီး ရှိနေပါတယ်။
၂၀၂၅ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလအတွင်း အပိုင်းလိုက်ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ အတုအယောင်ပွဲတခု ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ အာဏာကို ပိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့အတွက် အသုံးပြုတဲ့ ကိရိယာတခုအဖြစ် သတ်မှတ်ခံနေရပါတယ်။ ဒီလိုအချိန်မှာ စစ်အုပ်စုရဲ့ နာမည်ဆိုးက ပိုပြီး ကျော်ကြားလာနေပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့သူတွေကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်တာ၊ ဖမ်းဆီးရမိတဲ့ တော်လှန်ရေးသမားတွေနဲ့ သတင်းပေးသူလို့ စွပ်စွဲခံရတဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ မိဘတွေအစား အသက် ၂ နှစ်အရွယ် ကလေးငယ်တွေအထိ ဖမ်းဆီးထားတာနဲ့ ကျောင်းတွေ၊ နေအိမ်တွေ၊ ဆေးရုံတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေရဲ့ အထောက်အထားတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေဟာ စုဆောင်းထားပြီးပါပြီ။ ဒါတွေနဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်လိုဖြစ်လာခဲ့လဲ
၄ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်ဟာ တနိုင်ငံလုံးမှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ် ဆင်နွှဲခဲ့ပါတယ်။ စစ်ကြောင်းတွေရဲ့ ထိုးစစ်တွေ အတင်းအကြမ်းဆင်နွှဲတာ၊ ရွာတွေကို မီးရှို့ ဗုံးကြဲတာ၊ ရွာသားတွေကို သတ်ဖြတ်တာ၊ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတာနဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းတာတွေ လုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ တခြားအခွင့်အရေးအဖွဲ့တွေကတော့ စစ်တပ်ဟာ ဒီမိုကရေစီတိုက်ပွဲဝင်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားဖို့အတွက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲထားပါတယ်။
ဒီစစ်အုပ်စုကို ဦးဆောင်နေသူကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါပဲ။ သူဟာ ၂၀၂၁ ခုနှစ်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့သူပါ။ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို သံလက်သီးနဲ့ အုပ်ချုပ်ခဲ့ဖူးတဲ့ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ရဲ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်တွေကို ဘယ်တုန်းကမှ သက်သေပြနိုင်ခဲ့ခြင်း မရှိပါဘူး။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ခံထားရပြီး နိုင်ငံရဲ့ စီးပွားရေးကလည်း ပြိုလဲနေပါတယ်။ သူ့စစ်တပ်ကလည်း စစ်မျက်နှာပေါင်းများစွာနဲ့ ဆင်နွှဲနေရတဲ့ စစ်ပွဲတွေမှာ နယ်မြေအများအပြား ဆုံးရှုံးနေပါတယ်။
‘စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု’ ရဲ့ အထောက်အထားများ
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က နိုင်ငံအတွင်းက ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ‘အကြိမ်ရေနဲ့ ပြင်းထန်မှု’ ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပိုပြီး မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့ တွေ့ရှိချက်အရ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေအထိ သူတို့ရဲ့မိဘတွေကိုယ်စား ဖမ်းဆီးခံရတာမျိုးတွေရှိပြီး တချို့ဆိုရင် အနိုင်ကျင့်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
IIMM က စစ်တပ်ရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် ‘စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု’တွေရဲ့ အထောက်အထားတွေကို စုဆောင်းထားပါတယ်။ စုံစမ်းမှုအရ တချို့အကျဉ်းသားတွေဟာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ကြပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့သူတွေထဲမှာ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်အရာရှိတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
စစ်တပ်ကတော့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာကို အကြိမ်ကြိမ် ငြင်းဆိုထားပြီး ‘အကြမ်းဖက်သမားတွေ’ကို တိုက်ခိုက်နေတာလို့သာ တွင်တွင်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်အုပ်စုက သတင်းမီဒီယာတွေကို ဘာမှပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။
အတုအယောင် ရွေးကောက်ပွဲ
စစ်အုပ်စုကတော့ သူတို့ရဲ့ရွေးကောက်ပွဲဟာ ‘စစ်မှန်တဲ့၊ စည်းကမ်းရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ် အခြေခံတဲ့ ပြည်ထောင်စုတခုကို တည်ဆောက်ဖို့’ ဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။
ဒါပေမဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ လိုလားသူအများစုက ပြည်ပရောက်နေတာ၊ ထောင်ထဲမှာ ရှိနေသလို စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေနဲ့ တိုက်ခိုက်မှုတွေကြားမှာ ဒီလို ရွေးကောက်ပွဲဟာ ဘယ်တော့မှ လွတ်လပ်ပြီး မျှတမှာမဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
“ဒါဟာ အတုအယောင် ရွေးကောက်ပွဲပဲ။ အားလုံး ပါဝင်နိုင်တာမဟုတ်သလို တရားဝင်မှုလည်း မရှိဘူး” လို့ မြန်မာနိုင်ငံ မွန်တိုင်းရင်းသားအရေးလှုပ်ရှားသူ အမျိုးသမီး မိကွန်ချမ်းနွန်က CNN ကို ပြောပါတယ်။
လေ့လာသူအများအပြားကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကနေတဆင့် အာဏာကို တရားဝင်ဖြစ်အောင်လုပ်ပြီး ရုပ်သေးနိုင်ငံရေးပါတီတွေကနေတဆင့် အုပ်ချုပ်ဖို့ ကြိုးစားနေတာလို့ သတိပေးထားပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံအများစုက စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုခဲ့ခြင်း မရှိပါဘူး။ ဂျပန်နဲ့ မလေးရှား အပါအဝင် ဒေသတွင်းအစိုးရ အတော်များများကလည်း ဒီရွေးကောက်ပွဲကို ရှုတ်ချခဲ့ကြပါတယ်။
နိုင်ငံတကာ ရွေးကောက်ပွဲ ကျွမ်းကျင်သူတွေကလည်း “လက်ရှိအခြေအနေတွေအောက်မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲတခုဟာ မဖြစ်နိုင်ဘူး” လို့ ဖော်ပြထားပါတယ်။ အတိုက်အခံ နိုင်ငံရေးပါတီတွေကို တားမြစ်ထားတဲ့ ရက်စက်တဲ့ ဥပဒေတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထားတာတွေ၊ မီဒီယာတွေကို ကန့်သတ်ထားတာတွေနဲ့ မဲစာရင်းအတွက် စစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ စိတ်မချရတဲ့ သန်းခေါင်စာရင်း ကောက်ယူမှုတွေကိုလည်း အဲဒီကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
စစ်မြေပြင်တွင် မဲပေးခြင်း
ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေက မရေရာသေးပေမဲ့ ပြည်သူအများအပြားဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာ၊ လက်နက်ကိုင် စစ်သားတွေရှေ့မှာ မဲပေးရနိုင်ပါတယ်။ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်ပြီး အကြမ်းဖက်မှုတွေ ပိုများလာစေနိုင်တယ်လို့ တချို့က ဆိုပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံတွေ ပျက်စီးခဲ့ရပြီး လူပေါင်း ၃ သန်းခွဲ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
စစ်အုပ်စု ထိန်းချုပ်တဲ့နေရာတွေမှာရှိတဲ့ ပြည်သူတွေကို မဲပေးဖို့ ခြိမ်းခြောက်တာ၊ အတင်းအကျပ် ခိုင်းစေတာတွေ ရှိလာမှာကိုလည်း စိုးရိမ်ကြပါတယ်။ စစ်အုပ်စုက နိုင်ငံ့နယ်မြေ အများစုကို ထိန်းချုပ်မထားနိုင်တဲ့အတွက် မြို့နယ်တချို့မှာဆိုရင် ရွေးကောက်ပွဲလုပ်နိုင်မှာတောင် မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာရှိတဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ကတော့ သူတို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အစိုးရအဖြစ် သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်အုပ်စုဟာ ‘ရွေးကောက်ပွဲလုပ်ပိုင်ခွင့်မရှိ’လို့ ဆိုပြီး ပြည်သူတွေကို ရွေးကောက်ပွဲကို ‘ဆန့်ကျင်ဖို့နဲ့ ခုခံတွန်းလှန်ဖို့’ တိုက်တွန်းထားပါတယ်။
စစ်တပ်က သူတို့ မထိန်းချုပ်နိုင်တဲ့ နိုင်ငံနေရာတွေမှာပါ အာဏာကို စုစည်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ လက္ခဏာတွေလည်း ရှိနေပါတယ်။ တနိုင်ငံလုံး အရေးပေါ်အခြေအနေအမိန့်ကို ဖျက်သိမ်းခဲ့ချိန်မှာပဲ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ် ၆၀ ကျော်မှာ စစ်အုပ်ချုပ်ရေးကို ချမှတ်ခဲ့ပြီး စစ်တပ်ရဲ့ အာဏာကို ပိုတိုးမြှင့်လိုက်ပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် Southeast Asia Peace Institute အကြီးတန်းပညာရှင် ရဲမျိုးဟိန်းက “စစ်တပ်က သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ အသည်းအသန် ကြိုးစားနေပေမဲ့ အထူးသဖြင့် ရွေးကောက်ပွဲမတိုင်ခင်မှာ အခိုင်အမာပြန်လည်ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး”လို့ ပြောပါတယ်။
“ဒီအန္တရာယ်များတဲ့ အခြေအနေကြားမှာ ရွေးကောက်ပွဲ ကျင်းပတာဟာ တနိုင်ငံလုံးမှာ အကြမ်းဖက်မှုတွေ ပိုပြီးဖြစ်လာစေပြီး ပဋိပက္ခတွေကို ပိုမိုမြင့်တက်စေနိုင်ပါတယ်” လို့လည်း သူက ဆိုပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံတွေကို ထပ်မံနှိမ်နင်းဖို့ လုပ်ဆောင်မှုတွေလည်း ရှိနေပါပြီ။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဒါမှမဟုတ် အနှောင့်အယှက်ပေးတဲ့သူတွေကို ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်တဲ့ ဥပဒေအသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ဆိုက်ဘာရာဇဝတ်မှုဥပဒေအသစ် တခုဟာလည်း အွန်လိုင်းစောင့်ကြည့်ထိန်းချုပ်မှုအာဏာကို တိုးချဲ့ပြီး VPN တွေ တရားမဝင် အသုံးပြုတာကို တားမြစ်ထားသလို တားမြစ်ထားတဲ့ လူမှုမီဒီယာတွေကနေ အကြောင်းအရာတွေကို ဝင်ရောက်ကြည့်ရှုတာ၊ မျှဝေတာတွေကိုလည်း ပစ်မှတ်ထားနေပါတယ်။
ပုလင်းဟောင်းထဲကို ဝိုင်အသစ်ထည့်သလို
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစား နိုင်ငံတော်အမျိုးသားလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် ဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့အသစ်တခုကို မကြာသေးခင်က ဖွဲ့စည်းခဲ့ပါတယ်။ စစ်အုပ်စုခေါင်းဆောင်ဟာ ယာယီသမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးတွေအပြင် ဒီအဖွဲ့အစည်းအသစ်ရဲ့ ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးကိုလည်း သူ့ရဲ့ရာထူးစာရင်းထဲ ထပ်ထည့်လိုက်ပါတယ်။
ယာယီအစိုးရအဖွဲ့အသစ်မှာလည်း သူ့ရဲ့လူယုံတွေနဲ့ လက်ရှိစစ်အရာရှိတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရဲမျိုးဟိန်းက “ဒီလိုပြောင်းလဲမှုဟာ ‘ပုလင်းဟောင်းထဲကို ဝိုင်အသစ်ထည့်တာ’ လိုမျိုး ဟန်ဆောင်လှည့်ကွက် တခုသာ ဖြစ်တယ်။ စစ်တပ်ဟာ အသွင်ပြောင်းလဲမှုတခုလို ထင်ရအောင် ဒီလိုနည်းဗျူဟာတွေကို သမိုင်းတလျှောက် အကြိမ်ကြိမ် အသုံးချခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာကို အခိုင်အမာ ဆုပ်ကိုင်ထားဆဲပါပဲ” လို့လည်း သူက ဆိုပါတယ်။
ဒါမျိုးက အရင်ကလည်း ဖြစ်ဖူးပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ဆက်တိုက် အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရတွေက တချိန်က ကြွယ်ဝချမ်းသာခဲ့တဲ့ နိုင်ငံကို ဆင်းရဲမွဲတေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်အောင် လုပ်ခဲ့ပြီး ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တွေလည်း ဖြစ်ပွားစေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး အရပ်သားအသွင်ဆောင်တဲ့ အစိုးရတရပ်ကို အာဏာရအောင် လုပ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအပေါ်မှာတော့ သူ့ရဲ့လွှမ်းမိုးမှုတွေကို အခိုင်အမာ ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၁၀ နှစ်တာကာလမှာ ကမ္ဘာ့အမှတ်တံဆိပ်တွေဖြစ်တဲ့ ကိုကာကိုလာလို ကုမ္ပဏီတွေ ပြန်ဝင်လာတာနဲ့အတူ အနောက်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာတာကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လွတ်လပ်ခွင့်တွေ အနည်းငယ်ရခဲ့ပါတယ်။ လူငယ်မျိုးဆက်သစ်တွေဟာ သူတို့ရဲ့မိဘတွေနဲ့ အဘိုး အဘွားတွေထက် မတူညီတဲ့ အနာဂတ်တခုကို အိပ်မက် မက်ခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်တပ်က နိုင်ငံရေးအာဏာကို တကယ်တမ်း မစွန့်လွှတ်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဒုတိယအကြိမ် အနိုင်ရသွားတဲ့အခါမှာတော့ တချို့ စစ်တပ် အရာရှိတွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
နောက်တနှစ်မှာ အာဏာသိမ်းပြီး ဒီမိုကရေစီခေါင်းဆောင်ဟောင်းကို ထိန်းသိမ်းခဲ့ပါတယ်။ စစ်ခုံရုံးကနေ ၂၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေရာကတော့ လျှို့ဝှက်ချက် ဖြစ်နေဆဲပါ။ စစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လူကြိုက်များခဲ့တဲ့ NLD ပါတီကို နိုင်ငံရေးအရ အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားနေပါတယ်။
နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု
လေ့လာသူတွေရဲ့အဆိုအရ စစ်တပ်က ကိုယ့်ကိုယ်ကိုယ် အရပ်သားအစိုးရတရပ်အဖြစ် ပုံဖော်ပြီး တချို့နိုင်ငံတွေကို သူတို့နဲ့ ဆက်ဆံရေးပုံမှန်ပြန်လုပ်ဖို့ မြှူဆွယ်ပါလိမ့်မယ်။ ရုရှားနဲ့ တရုတ်တို့က မြန်မာစစ်အုပ်စုကို အားပေးကူညီနေတဲ့ အကြီးဆုံးနိုင်ငံ ၂ နိုင်ငံဖြစ်ပြီး ထိုင်းနဲ့ အိန္ဒိယတို့ကလည်း သူတို့ရဲ့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ စစ်အုပ်စုနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ တွန်းအားပေးနေပါတယ်။
လွန်ခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနဲ့ ပြည်တွင်းနိုင်ငံရေးကို တည်ငြိမ်စွာ ရှေ့ဆက်သွားနိုင်ဖို့ ထောက်ခံတယ်” လို့ ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန်ပြည်ထောင်စုဆီကနေ မမျှော်လင့်တဲ့ သတင်းကောင်းတခု ရခဲ့ပါတယ်။ ထရမ့်ပ်အစိုးရရဲ့ အခွန်အခတွေနဲ့ပတ်သက်တဲ့ ပေးပို့တဲ့ စာတစောင်ဟာ ပြည်တွင်းမှာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာပြီလို့ ပုံဖော် ဝါဒဖြန့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ထရမ့်ပ်အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းလိုက်တော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက “အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် လုပ်ဆောင်နေတဲ့ ကြိုးစားမှုတွေအတွက် နောက်ပြန်ဆုတ်လိုက်တာ” လို့ ပြောဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အမေရိကန်နဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ဖို့အတွက် ဝါရှင်တန်အခြေစိုက် DCI Group ဆိုတဲ့ လော်ဘီကုမ္ပဏီတခုနဲ့ တနှစ်ကို ဒေါ်လာ ၃ သန်းတန်တဲ့ စာချုပ်တခု ချုပ်ဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မကြာသေးမီက ဖော်ပြခဲ့ပါတယ်။
စစ်အုပ်စုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ထောက်ခံသူတွေကတော့ နိုင်ငံတကာအသိုက်အဝန်းကို စစ်တပ်ရဲ့ ရွေးကောက်ပွဲအစီအစဉ်အတွက် လှည့်စားမခံရဖို့ သတိပေးထားပြီး ဒီလိုပွဲမျိုးကို ပြည်သူတွေက ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်အုပ်စုဟာ “ငွေကြေးနဲ့ ရင်းမြစ်တွေကို အကုန်စုပ်ယူပစ်ခဲ့လို့ တိုင်းပြည်မှာ ဘာမှမကျန်တော့ဘူး” လို့ မိကွန်ချမ်းနွန်က ပြောပါတယ်။
“အရာရာဟာ ပြိုလဲနေပါပြီ။ ပညာရေးစနစ်လည်း ပြိုလဲနေတယ်၊ ကျန်းမာရေးစနစ်လည်း ပြိုလဲနေတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆိုတာကလည်း ခရိုနီတွေအတွက်ပဲ ဖြစ်နေပြီ” လို့ သူက ဆိုပါတယ်။
“ဒါကြောင့် ရွေးကောက်ပွဲပြီးနောက် ဖြစ်လာမယ့် ဘယ်လို ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုးကိုမဆို ကျမတို့ ဘယ်တော့မှ ယုံကြည်လို့ မရပါဘူး။ အခြေအနေက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့လည်း ပြောခဲ့ပါတယ်။
ဟယ်လင် ရီဂင်
Ref: CNN