
စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေနဲ့ အမိန့်ညွှန်ကြားလွှာတွေ ပြင်ပကို ပေါက်ကြားနေတဲ့ ကိစ္စကို စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ် ဖြေရှင်းနေရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကစထမှူး ၂ ကြိမ် ဖြစ်ပေမဲ့ တိုက်ပွဲတွေ တပွဲမှ နိုင်အောင်မတိုက်နိုင်လို့ စစ်ရေးချုပ်ရုံးကို ရောက်သွားတဲ့ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ် အနေနဲ့ သူတာဝန်ယူချိန်မှာ သတင်းအချက်အလက်တွေ ထပ်မံပေါက်ကြားနေတာကြောင့် ဖြေရှင်းနေရတာလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ကစထမှူးကနေ ဖြုတ်ပြီး စစ်ရေးချုပ်တာဝန် ပေးတယ်ဆိုတာ သူ အလိုလိုထွက်သွားအောင် လုပ်တာ၊ စစ်ရုံးက ဒေတာအချက်အလက်တွေ ပေါက်ကြားတယ်ဆိုတာ အခုမှမဟုတ်ဘူး၊ ကြံ့ခိုင်ရေးပါတီ ရောက်သွားတဲ့ ဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း လက်ထက်ကတည်းက ဖြစ်နေတာ။”
စစ်ရေးချုပ်ရုံးဆိုတာ စစ်ကောင်စီလက်အောက်ခံ ကြည်း၊ ရေ၊ လေတပ်တွေရဲ့ ကိုယ်ရေးမှတ်တမ်း အမိန့်ညွှန်ကြားစာ၊ ရာထူးအပြောင်းအရွှေ့နဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို အဓိက ကိုင်တွယ်ရတဲ့ ဌာနချုပ် ဖြစ်ပါတယ်။
စစ်ရေးချုပ်ရုံးက သတင်းအချက်အလက်တွေ ပြင်ပကို ပေါက်ကြားခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးကို ရာထူးကဖြုတ်ပစ်ပြီး စစ်ခေါင်းဆောင်က အရပ်ဘက် ပို့ခဲ့ပါတယ်။
ဒီလိုပို့လိုက်ပေမဲ့ သတင်းအချက်အလက်တွေဟာ ထပ်မံပေါက်ကြားနေတာကြောင့် အာဏာမသိမ်းခင်က စစ်ရေးချုပ်ရုံးမှာ တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနဲ့ ဒုဗိုလ်ချုပ်ကြီးစိုမင်းဦး တို့ကို စစ်ဆေးပေးဖို့ တပ်တွင်းပြောဆိုမှုတွေ ရှိတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒါ့ကြောင့် စစ်ခေါင်းဆောင်က စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို ပြင်ပကိုပေးပို့ရင် ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေကို ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကက (ရေး) လို့ခေါ်တဲ့ စစ်ရေးချုပ် တာဝန်ကို ၂၀၁၉ ခုနှစ် ဇူလိုင်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အထိ ဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ဇူလိုင်လအထိ ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။