
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး ၂ ပါးနဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းတော်ကြီးကျောင်းပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။
အဆိုပါကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တံတားဦးကလာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲပြီး စက်လတ်နဲ့ပါ ပစ်ခတ်တယ်လို့ သိရပါတယ်။
ဒေသခံရွာသားတယောက်က “ထိခိုက်တာက အသက် ၇၀ အရွယ် ဒုလ္လဘ ကိုရင်ကြီးတပါးနဲ့ ဘုန်းကြီးတပါး၊ အမျိုးသမီးတဦး၊ ၁၁ နှစ်အရွယ် ကလေးငယ်တဦး၊ စုစုပါင်း ၄ ဦး ထိခိုက်တာဗျ။ အသက်အန္တရာယ်အတွက်ကတော့ မစိုးရိမ်ရပါဘူး။ ဘုန်းကြီးကျောင်းကတော့ အကုန်ပျက်စီးတယ်” လို့ ပြောပါတယ်။
နဘဲပင်လှကျေးရွာဟာ ဝက်လက်မြို့နဲ့ ခန့်မှန်းခြေ ၁၃ မိုင်ကျော်ဝေးပြီး ဧရာဝတီမြစ်ကမ်းအနီးမှာ တည်ရှိတဲ့ အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်ကျားကြီးက “ကျနော်တို့ သိရသလောက် အခုရက်ပိုင်းအတွင်း ဘာသာရေးနယ်မြေတွေကို တိုက်ခိုက်နေတာပဲ။ အခုလည်း ဘုန်းကြီးကျောင်းကို အလကားနေရင်း လုပ်သွားတယ်။ ဘာထပ်ပြောရမလဲဆိုတော့ အလှည့်ကျ မနွဲ့စတမ်းပေါ့” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေညောင်တော်ဘုရားကုန်းကို ဩဂုတ် ၁၃ ရက်ကလည်း အခုလို လေကြောင်းကနေ တိုက်ခိုက်လို့ ဘုရားစေတီတချို့ ပျက်စီးခဲ့ပါတယ်။