
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်ကို ဩဂုတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်ရှိ အနောက်ရပ်ရွက်နဲ့ တောင်မြို့ရပ်ကွက် ၂ နေရာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် စုစုပေါင်း ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀ လုံးခန့်လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အဓိကတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေပဲ ရှိနေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိကို ပစ်သွားတာ။ နန်းဒေဝီ အနောက်ဘက်နဲ့ ဆောင်းဦး အကင်ဆိုင်ရှေ့မှာ ကျကွဲသွားတာ။ လောလောဆယ် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်။ နေအိမ်တွေ ပျက်စီးသွားတာ ရှိတယ်။”
အသက် ၄၀ အရွယ် ဒေါ်ရွှေရီဝင်း၊ အသက် ၆၀ ကျော်အရွယ် ဒေါ်ချိုစင်နဲ့ ဦးဂျမားတို့ ၃ ယောက် ခြေထောက်၊ ဒူး၊ တင်ပါး၊ လက် စတဲ့နေရာတွေမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ဩဂုတ် ၁ ရက်ကစပြီး ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို ၈ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး ၂ ပါးနဲ့ ကလေး ၃ ယောက် အပါအဝင် လူပေါင်း ၃၈ ယောက် သေဆုံးကာ ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ် ၁၇ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေပြီး TNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ဘက်ကို မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေပါတယ်။