Home
မြန်မာသတင်း
မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး
DVB
·
August 17, 2025
Mao-Chi4_17082025
Mao-Chi3_17082025
Mao-Chi2_17082025
Mao-Chi1_17082025

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် ကလေးငယ် ၅ ယောက်အပါအဝင် အရပ်သားပြည်သူ ၂၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံပျက်စီးခဲ့ရသလို နေ့လယ် ၁၂ နာရီကျော်မှာ ဗုံးထပ်ကြဲတာကြောင့် ပြည်သူ ၂၂ ယောက် ထိခိုက်သေဆုံးခဲ့ရပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး  ၂ ဦးဗညားက “လူအသေအပျောက်က တော်တော်များတယ်။ နောက်ထပ်ရလာတဲ့စာရင်းအရ အားလုံးပေါင်း ၂၂ ဦး ဖြစ်သွားတာပေါ့ သေဆုံးစာရင်းက။ ထိခိုက်ဒဏ်ရာရတာက ၁၇ ဦးထက်မနည်းဘူး။ အိမ်ခြေကတော့ ၄၊ ၅၊ ၁၀ လုံး ပျက်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ တရက်တည်းမှာ လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲတာကြောင့် ထိခိုက်သေဆုံးမှုများသလို အိုးအိမ်နဲ့ ဆေးရုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရတာပါ။

ဦးဗညားက “အခုက အလုပ်ဆင်းချိန်မဟုတ်တော့ လူတွေအိမ်မှာ နားနားနေနေ နေကြတာပေါ့နော်။ အဲဒီနေရာကလည်း လူနေထူထပ်တော့ အားလုံးတပြိုင်နက်တည်း ထိသွားတာမျိုးပေါ့” လို့ ပြောပါတယ်။

စစ်တပ်က မော်ချီးဒေသကို အခုတခေါက်အပါအဝင် လေကြောင်းကနေ  ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ အယောက် ၅၀ ကျော်သေဆုံးပြီး အယောက် ၈ဝ ကျော် ထိခိုက်ဒဏ်ရာရသလို နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013