ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် ဒဏ်ရာရပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီ မိနစ် ၅၀ မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး တိုက်ပွဲမရှိဘဲ လာကြဲတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “ကင်းထောက် ၂ ခေါက်လာတယ်။ ကင်းထောက်လာပြီး နည်းနည်းကြာတော့ ဂျက်ဖိုက်တာ ရောက်လာတာ။ အနိမ့်လေးဆင်းလာတာ အိမ်တွေပါတုန်တယ်။ မနက်အစောကတည်းကပတ်ဝဲနေတာ၊ ၃ ခေါက်မြောက်မှာကြဲတာ” လို့ပြောပါတယ်။
မော်ချီးဒေသကို စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။