
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၃ ရွာကို ဩဂုတ် ၁၆ ရက် မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသလို ရွာကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “ခွန်တောင်းကြီးနဲ့ပရံရွာက ပျူနဲ့ စစ်ကောင်စီပူးပေါင်းတပ်က စစ်ကြောင်းထိုးပြီး အခုလိုလုပ် နေတာဗျ။ ကျနော်တို့ရွာသားတွေကတော့ ထွက်ပြေးနေကြရတယ်။ မိုးကလည်းရွာနေတော့ အတော်ဒုက္ခရောက်ပါတယ်ဗျာ” လို့ ပြောပါတယ်။
ညောင်ကန်ရွာ၊ ရေစိုးရွာနဲ့ ကုန်းသာရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး စစ်သားနဲ့ ပျူစောထီးတွေက တောင်ယာလယ်လုပ်ငန်းလုပ်နေတဲ့ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင် ကိုရှမ်းကြီးက “ကျနော်တို့နဲ့တော့ တိုက်ပွဲဖြစ်သေးတယ်။ ဖြစ်တာကလည်း ပြည်သူရွာတွေဝင်ပြီး အနိုင်ကျင့်ပစ္စည်းလုပြီး ရွာကိုမီးရှို့လို့ အခုလို တိုက်ပွဲဖြစ်ရတာပါ။ မနေ့ကတော့ ညောင်ကန်ရွာကို မီးရှို့သေးတယ်။ အဲမှာ ကျနော်တို့နဲ့ တိုက်ပွဲစဖြစ်တာဗျ။ နောက်ပြီး ရေစိုးရွာနဲ့ ကုန်းသာရွာဘက်ကိုသွားကာ ထပ်ပြီး မီးရှို့သေးတယ်။ စစ်ကြောင်းက ညောင်ကန်ကျေးရွာထဲမှာရှိသေးလို့ ရွာအတွင်းအခြေအနေ အသေးစိတ်ကိုတော့ ဘာမှပြောလို့ မရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးတွေဟာ ဩဂုတ် ၁၇ ရက် ဒီမနက်အချိန်အထိ ညောင်ကန်ရွာအတွင်းကနေ မထွက်သေးတာကြောင့် ကျေးရွာတွေကပြည်သူတွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ တိမ်းရှောင်နေကြရတုန်းဖြစ်ပါတယ်။