
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ ယောက်ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ ပြည်သူ့နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က ဩဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှာ သမားတော်ရွာက ပြည်သူ့နေအိမ်တွေကို မီးရှို့နေတယ်လို့လည်း သိရပါတယ်။
ရွာခံပြည်သူတယောက်က “စစ်ကြောင်းက မနေ့က ရေပြာရွာမှာ ညအိပ်တယ်ဗျ။ ဒီနေ့ ကျနော်တို့ သမားတော်ရွာဘက်ကို ရှေ့ပြေးထွက်လာပြီး ရွာကို မီးရှို့နေတယ်ဗျ။ စစ်ကြောင်းက ရွာထဲကနေ မထွက်သေးလို့ အိမ်ဘယ်နှလုံး မီးလောင်တယ် မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
သမားတော်ရွာဟာ ပေါက်မြို့နယ်အရှေ့ခြမ်းမှာ တည်ရှိပြီး အိမ်ခြေ ၁၅၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ စစ်အင်အား ၁၀၀ ကျော်ပါဝင်ပြီး ပခုက္ကူမြို့ကနေ ရိက္ခာတွေ တင်ဆောင်လာတဲ့ ကုန်ကား ၁၃၀ နဲ့ ကပစ ၄ ကို သွားမယ်လို့လည်း ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တွေက ခန့်မှန်းနေကြပြီး အဆိုပါစစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာက ပြည်သူ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုလရောင်က “ဒီကောင်တွေ ပခုက္ကူကနေ ထွက်လာတာ ၃ လပြည့်တော့မယ်ဗျ။ ပုံမှန် ကပစ ၄ ကနေ ပခုက္ကူမြို့ကို တရက်ခရီးသွားရတဲ့လမ်းကို ၃ လလောက် သွားနေရတယ်။ မနေ့ကတော့ ဘုရားတောင်ရွာက ဒေသခံအမျိုးသမီး အပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းထားတယ်။ ဒီနေ့ သမားတော်ရွာက အမျိုးသား ၅ ယောက်ကို ထပ်ဖမ်းထားတယ်ဗျ။ အခုအချိန်အထိ တယောက်မှ ပြန်မလွတ်သေးဘူး။ ပြည်သူတွေအနေနဲ့လည်း စစ်ကြောင်းနဲ့ဝေးရာကို နေပြီး လက်နက်ကြီးအန္တရာယ်၊ လေယာဉ်အန္တရာယ်တွေကို အထူးဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကလည်း ပေါက်မြို့နယ် သနပ္ပင်ဇင်းရွာ၊ တင်ငုတ်ပြင်ရွာ၊ ညောင်ပင်တိုက်ရွာကို လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် ကလေးသူငယ် ၂ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးကာ ပြည်သူ ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။