
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် မြို့ထဲက ဗလီနဲ့ ဟိန္ဒူဘုရားကျောင်း အပါအဝင် အဆောက်အအုံ ၂၀ ခန့်ကို ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗလီအပြင် ဟိန္ဒူဘုရားကျောင်းပိုင် အဆောက်အအုံ၊ ရွှေဆိုင်၊ ဆိုင်ခန်းတချို့ အပါအဝင် လူနေအိမ်တွေကိုလည်း ချိပ်ပိတ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံ အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဓိက ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ သတင်းပေးတဲ့အပေါ် အခြေခံပြီး လိုက်ချိပ်ပိတ်နေတာလို့ နောင်ချို ဒေသခံတယောက်က ပြောပါတယ်။
“ဗလီကိုက TNLA က နောင်ချိုကို သိမ်းပြီးနောက် စစ်တပ်ဘက်က ဇော်မိုးဟုန်းတို့က ဗလီကနေ PDF တွေ ပလောင်တွေကို ထမင်းချက်ကျွေးတယ်၊ ထမင်းတွေဝေတယ်၊ ဗုံးကြဲပါဆိုပြီး မဟုတ်မမှန်တာကြီးကို ဝါဒဖြန့်ခဲ့ကြတာ။ မြို့ကို ပြန်လည်းသိမ်းရော ပိတ်တာ။ တခြားနေအိမ်တွေဆိုလည်း အဲလိုပဲ၊ မြို့ထဲက ဒလန်တွေကနေ ဘယ်အိမ်က ဘယ်လို ဆိုတာမျိုး ပြောတဲ့အပေါ်မှာပဲ အခြေခံပြီး အဓိက လိုက်ချိပ်ပိတ်နေတာ။”
စစ်တပ်က နောင်ချိုမြို့ကို သိမ်းပြီးနောက် အဆောက်အအုံတွေ ချိပ်ပိတ်တာအပြင် မသင်္ကာတဲ့ ဒေသခံတိုင်းကို ဖမ်းဆီးစစ်ဆေးနေပြီး လက်ရှိ ဖမ်းဆီးခံထားရတဲ့အထဲ သင်းအုပ်ဆရာနဲ့ ဂေါပကအဖွဲ့ဝင်တချို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းယူထားတဲ့ နောင်ချိုမြို့ကို စစ်တပ်က ဇူလိုင် အစောပိုင်းမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုးကုတ်မြို့ကို ပြန်လည်ထိုးစစ်ဆင်နေကာ လတ်တလော ဟိုခိုရွာနားတဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။