
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေးတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေကြရပြီး ကျန်းမာရေး မကောင်းရင်လည်း ဆေးဝါးကုသဖို့ ခက်ခဲနေတာကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေ ရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နောင်ချိုမြို့နယ်အတွင်းက တချို့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အာဏာသိမ်းစစ်တပ်က တပ်စွဲထားတာ ၂ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေကို စစ်တပ် စဝင်လာကတည်းက ရွာသူရွာသားတွေကို ရွာမှာမနေခိုင်းတာကြောင့် ရွာသားတွေဟာ ရွာအနီးက တောင်ယာစိုက်ခင်းနဲ့ တောတောင်တွေထဲမှာ ဖြစ်သလို တဲထိုးပြီး နေနေရပါတယ်။
အဲဒီလို နေထိုင်နေရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။
သူတို့တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလည်းမရ၊ နေမကောင်းလို့ ဆေးခန်းရှိတဲ့နေရာကို ဆေးကုဖို့ သွားမယ်ဆိုလည်း လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတာကြောင့် မသေသင့်ဘဲ သေရတဲ့သူတွေ ရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အလားတူ နောင်ချိုမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျောက်မဲမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ဒါ့အပြင် မိုးကြီးရေလျှံတဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးအင်အားစုတွေ တနှစ်ဝန်းကျင် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အာဏာသိမ်းစစ်တပ်က အခုနှစ် ဇူလိုင်လထဲမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဒေသခံပြည်သူတွေ နေရပ်ပြန်နေထိုင်ကြတာ ရှိပေမဲ့ စစ်တပ်က အထိုင်ချထားတဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ မိမိကျေးရွာအပြင်မှာပဲ နေထိုင်နေကြရတုန်း ဖြစ်ပါတယ်။
သူတို့တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။