
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ စမ်းချောင်းရပ်ကွက်၊ ငွေပုလဲလမ်းက စက်မှုဇုန်ဘက်မှာ သြဂုတ် ၁၂ ရက် ည ၁၁ နာရီဝန်းကျင်က ပုစွန်လုပ်ငန်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ နေထိုင်တဲ့ အမျိုးသားအဆောင်ကို ဧည့်စာရင်း ဝင်စစ်ဆေးရင်း ဘိန်းစာမှုန့် ရှာဖွေတွေ့ရှိတာကြောင့် အမျိုးသား တယောက်ကို စစ်တပ်က ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်သွားပါတယ်။
မြိတ်မြို့ဒေသခံတယောက်က “အခု ဝင်ဖမ်းတာက ဧည့်စာရင်းစစ်တယ် ဆိုပြီး ဝင်ဖမ်းတာပါ။ ယောက်ျားလေး အဆောင်မှာ ဝင်စစ်တုန်း ဘိန်းစာမှုန့်တွေ့လို့ ဖမ်းဆောင်သွားတယ်။ ရိုက်နှက်ပြီး ခေါ်သွားတာပါ”လို့ ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့သူက စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက်ကြီးပိုင်း အမျိုးသား တယောက်ဖြစ်ပြီး ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားလဲ ဆိုတာတော့ မသိရသေးဘူးလို့ မြိတ်မြို့ခံတယောက်က ပြောပါတယ်။
အဆိုပါ ပုစွန်လုပ်ငန်းစက်ရုံကို ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ဧည်စာရင်း ဝင်ရောက်စစ်ဆေးတာ ၂ ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပြီး စက်ရုံအလုပ်သမားတွေကို ဧည်စာရင်း အကြောင်းပြ ဝင်ရောက် စစ်ဆေးနေတာဖြစ်တယ်လို့ ပြောပါတယ်။
သြဂုတ် ၈ ရက် ည ၁၀ နာရီအချိန်ဝန်းကျင်လောက်ကလည်း အဆိုပါ စက်ရုံအတွင်း ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက်စစ်ဆေးပြီး အလုပ်သမားတွေဖြစ်တဲ့ အမျိုးသား ၁၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တနေ့မှာ ကျပ် ၈၅ သိန်းနဲ့ ပြန်ရွေးထုတ်လိုက်ရတယ်လို့ မြိတ်မြို့ခံပြည်သူတွေဆီက သိရပါတယ်။