
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်သလို အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အထောက်အကူပြုအဖွဲ့ International IDEA က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက ၇ ကြိမ်တိုင်တိုင် အရေးပေါ် အခြေအနေကို သက်တမ်းတိုးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်မှာတော့ အရေးပေါ် အခြေအနေကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူးလို့ IDEA က ထုတ်ပြန်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီနည်းကျ တရားဝင်တဲ့ အသွင်သဏ္ဌာန် ဆောင်စေဖို့ နည်းဗျူဟာကျကျ ပြန်လည်ပြင်ဆင်တာဖြစ်တယ်လို့ IDEA က ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့ ပြစ်ဒဏ်ကြီးလေးတဲ့ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးရင် သေဒဏ်အထိ ချမှတ်နိုင်တဲ့ပြစ်ဒဏ် ပါဝင်ပါတယ်။
ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေသစ် တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပြီး VPNs အသုံးပြုမှုကို ရာဇဝတ်မှု ကျူးလွန်ခြင်းအဖြစ် သတ်မှတ်ထားတာတွေ အားလုံးက လူ့အခွင့်အရေးစံနှုန်းတွေကို ဆန့်ကျင်လျက်ရှိတယ်လို့ IDEA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ် အများစုထိန်းချုပ်ထားတဲ့ မြို့နယ် ၆၃ ခုမှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်ခဲ့တာဟာလည်း လူထုကို ဖိနှိပ်မှုတွေ ကျူးလွန်ဖို့ ရည်ရွယ်တာဖြစ်လို့ လာမယ့်ရွေးကောက်ပွဲဟာ တရားမဝင်သလို အကြမ်းဖက်မှု ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဘယ်လိုအကူအညီမှ မပေးဖို့၊ ဒီမိုကရေစီအတွက် ကြိုးပမ်းနေသူတွေကို ပံ့ပိုးကူညီဖို့နဲ့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ (International IDEA) ဟာ ကမ္ဘာတဝန်း ဒီမိုကရေစီစနစ်တွေ ခိုင်မာအားကောင်းလာအောင်၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။