Home
မြန်မာသတင်း
တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန်စည်များ ပိုမိုဖမ်းဆီးခံနေရ 
DVB
·
August 12, 2025
Photo: ကုန်သည်တဦး

တရုတ်နယ်စပ်ဘက်က တင်သွင်း ကုန်စည်တွေကို လတ်တလော စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ပိုမိုဖမ်းဆီးလာတယ်လို့  ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။

လားရှိုးမှာရော မူဆယ်မှာပါ ဂိုဒေါင်တွေထဲထိ လိုက်စစ်ပြီး ဖမ်းနေတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း အဖမ်းအဆီးများနေတာကြောင့် မသွားရဲသေးဘဲ ကားရပ်နားထားတယ်လို့ ယာဉ်မောင်းတယောက်က  ပြောပါတယ်။

လားရှိုးမှာ အဖွဲ့စုံ ရောက်လာပြီ ဖြစ်ပေမဲ့ တရားဝင် အခွန်ဆောင်ခိုင်းဖို့ ရောက်လာတာ မဟုတ်ဘဲ ဖမ်းဖို့လာတာဖြစ်တယ်လို့ နယ်စပ် ကုန်သည်တယောက်က ပြောပါတယ်။

“အတက်ကုန်လည်း မရဘူး။ ကျနော့်ကားတောင် တင်မလို့ဆို လားရှိုး ဆင်တောင်မှာ ဖမ်းနေတယ်။ ဘာတွေမှန်း မသိတော့ဘူး။”

တရုတ်နိုင်ငံဘက်က လားရှိုးကို စစ်တပ်ပေးလိုက်ရင် လမ်းပွင့်သွားပြီလို့ ထင်ပြီး ကြိုးစားထားပေမဲ့ အောက်ဘက်မှာတော့ တရုတ်ကုန်တွေ ပေးမသွားသလို နယ်စပ် ကုန်သွယ်ရေး လိုင်စင်မချပေးတာ ကြာပြီလို့လည်း နယ်စပ်ကုန်သည်က ပြောပါတယ်။

စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ တရုတ် နယ်စပ်တင် မဟုတ်ဘဲ တာချီလိတ်ဘက်ရော မြဝတီဘက်ရော အများကြီးဖမ်းထားတာဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကနေ စစ်တပ်က ကုန်စည်တွေ တင်သွင်းတာတွေကို ပိတ်ထားဖို့ တရုတ်ဘက် ပြောထားပေမဲ့ အခုလို တရုတ်ဘက်က ကုန်စည်တွေ အဆက်မပြတ် တင်သွင်းခွင့်ပြုနေတာကြောင့် တားဆီးဖို့ ခက်ခဲလို့ ထိန်းချုပ်နိုင်ဖို့ တရုတ် သွင်းကုန်မှန်သမျှ ဖမ်းဆီးတာဖြစ်ကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူက ပြောပါတယ်။

တရုတ်ဘက်ကတော့ မြန်မာဘက်နယ်စပ် တည်ငြိမ်အောင်နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း‌တွေကို စစ်ကောင်စီအနေနဲ့ ပြန်ထိန်းချုပ်နိုင်ဖို့ တွန်းအားပေးနေပေမဲ့ နှစ်ချီကြာတဲ့အထိ အောင်မြင်မှု မရှိတာကြောင့် တရုတ်ဘက် အခွန်ဆောင်ပြီး နယ်စပ် ဂိတ်တွေကနေ ကုန်စည် သယ်ဆောင်ခွင့်ပြုလာတာတာလို့  ရွှေလီရောက် ကုန်သည် တယောက်က ပြောပါတယ်။

ရန်ကုန်မှာလည်း ကမ်းရိုးတန်းဆိပ်ကမ်း သင်္ဘောတွေမှာ တရားမဝင်ပစ္စည်းတွေ ပါရှိနေတဲ့အတွက် တားဆီး၊ ဖမ်းဆီး ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကတည်းက ညွှန်ကြားထားတာရှိပါတယ်။

ရေကြောင်း ကုန်သွယ်မှုလိုင်စင်က‌တော့ ဦးစားပေးကုန်၊ ဒုတိယဦးစားပေးကုန်နဲ့ ခွင့်မပြုကုန် ဆိုပြီး ၃ ဆင့် ရှိတယ်လို့ သိရပါတယ်။

ကုန်သည်တယောက်က "ဦးစားပေးကုန်က Earning (ပို့ကုန်ရငွေ) ကပ်ရင် ကျတယ်။ ဒုတိယ ဦးစားပေးက ကျချင်မှ ကျတယ်။ ခွင့်မပြုကုန်ဆိုတာ ဈေးကွက်က လိုအပ်ပေမဲ့ ပြည်တွင်းထုတ်လို့ ရတာမျိုး၊ ဇိမ်ခံပစ္စည်းမျိုး၊ အလှကုန်၊ ကလေးကစားစရာ စသဖြင့်ပေါ့၊ ဘယ်လိုမှ လိုင်စင်မရပါ။ အဆက်အသွယ်ရှိရင်တော့ တမျိုးပေါ့လေ" လို့ ပြောပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေပေါ် တားဆီး စစ်ဆေးခြင်းအပြင် ပြည်တွင်း သိုလှောင်ရုံတွေနဲ့ ဈေးကွက်တွေအထိ ဝင်ရောက် စစ်ဆေး အရေးယူနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ စိုးဝင်းက ၂၀၂၄ အောက်တိုဘာ ၁၀ ရက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းဝေးမှာ ပြောခဲ့ဖူးပါတယ်။

နိုင်ငံရဲ့ လိုအပ်ချက်အရ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချဖို့ သွင်းကုန် စိစစ်ကန့်သတ်မှုအပေါ် အခွင့်ကောင်းယူကာ ပြည်တွင်း လိုအပ်ချက်ရှိတဲ့ ကုန်စည်တွေ တရားမဝင် တင်သွင်းလာတာ တွေ့ရပြီး တရားမဝင် ကုန်သွယ်မှုကို တားဆီး၊ စစ်ဆေး၊ ဖမ်းဆီးတာတွေ မလုပ်နိုင်ပါက လက်နက်ကိုင်အဖွဲ့ အစည်းတွေကို သက်ဆိုးရှည်စေမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013